မိုင်းယန်း ဇွန် ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက မိုင်းယန်းမြို့အဝင်ဆိုင်းဘုတ်သစ်အနီး မြေကွက်လပ်တွင် ကျင်းပခဲ့သည်။
အဆိုပါ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် မိုင်းယန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းသန့်နှင့် အဖွဲ့ဝင်များက ပျိုးပင်များကိုပေးအပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်-၂ ဦးစိုင်းလှိုင်ခမ်းနှင့် အမျိုးသမီးရေးရာအသင်းအဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ လက်ခံရယူသည်။ ထို့နောက် မိုင်းယန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအသင်းအဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများနှင့် မြို့နယ်သစ်တောဦးစီးဌာန ဝန်ထမ်းများက "နိုင်ငံအဝန်းသစ်တောစွမ်းဖြင့် စိမ်းလန်းစေစေရမည်၊ သင့်အတွက်သစ်ပင် ရှင်အောင်စိုက်ပျိုး၊ ကြီးအောင်ပြုစု မြဲအောင်ထိန်းသိမ်း" ဆောင်ပုဒ်များနှင့်အညီ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေးတို့အတွက် ကျွန်း၊ ချယ်ရီ၊ စိန်ပန်း၊ မန်ဂျန်၊ မယ်ဇလီ၊ ထင်း စသည့်ပျိုးပင်များ စုစုပေါင်း ၃၀၀ ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းထူး