တောင်ကြီး ဇွန် ၁၀
ရှမ်းပြည်နယ်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅)နှင့် ဇူလိုင်လ(၃) ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အခမ်းအနားကျင်းပနိုင်ရေးနှင့် အကြိုလှုပ်ရှားမှုများဆောင်ရွက်နိုင်ရေးတို့အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရှမ်းပြည်နယ် အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အခမ်းအနား စည်းကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်နိုင်ရန် တက်ရောက်လာကြသည့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသည့် လူမှုရေးအဖွဲ့အစည်းများမှ ဝိုင်းဝန်းညှိနှိုင်းဆွေးနွေးပေးကြစေလိုပါကြောင်း၊ ယခင်နှစ်ဆောင်ရွက်ထားရှိမှုအခြေအနေအရ အကြိုလှုပ်ရှားမှုများမှာ ထူးချွန်အမျိုးသမီးများအား ဂုဏ်ပြုဆုများချီးမြှင့်ခြင်း၊ တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့မှ တိုင်းရင်းသားရိုးရာဝတ်စုံဝတ်စားဆင်ယင်မှုအားပြသခြင်းကိုလည်းကောင်း၊ အခြေခံပညာအထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကိုလည်းကောင်း၊ အခြေခံပညာအထက်တန်းအဆင့် ထုပ်စည်းထိုးပြိုင်ပွဲအပြင် ဘော်လီဘောပြိုင်ပွဲများကိုလည်းကောင်း၊ အဆင့်မြင့်ပညာရေးကဏ္ဍတက္ကသိုလ်ဒီဂရီကောလိပ်အဆင့် ဆောင်းပါးပြိုင်ပွဲများကိုလည်းကောင်း အသီးသီးဆောင်ရွက်ပေးခဲ့ပြီး ဆုများချီးမြှင့်ခြင်းများကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ယခုနှစ်တွင်လည်း ဆုများချီးမြှင့်ရန်အတွက် ကုန်ကျမည့်စရိတ်များကို လျာထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ရှမ်းပြည်နယ်အမျိုးသမီးကော်မတီအတွင်းရေးမှူး၊ ရှမ်းပြည်နယ်လူမှု ဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူးကိုယ်စား ဒုတိယညွှန်ကြားရေးမှူးက ရှမ်းပြည်နယ်အတွင်းရှိ အမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုအား ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။
ရှမ်းပြည်နယ်အတွင်းရှိ အမျိုးသမီးများ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်နှင့် ဇူလိုင်လ(၃)ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အခမ်းအနားအတွက် တက်ရောက်လာသူများက ဆွေးနွေးတင်ပြခဲ့ရာ ပြည်နယ်လူမှုရေးရာဝန်ကြီးက ကော်မတီအသီးသီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန်အတွက် ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရှိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)