ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး တောင်ကြီး- ရွှေညောင်- ရပ်စောက်သွားလမ်း၊ ဆင်တဲ (သံဘောင်ဘေလီ)တံတားနှင့် ကျောက်နီမွေးမြူရေးဇုန်လမ်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

တောင်ကြီး ဇွန် ၁၀

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးမျိုးမင်းသန့်နှင့်တာဝန်ရှိသူများအတူ  တောင်ကြီး- ရပ်စောက်သွားလမ်း၊ ဆင်တဲ (သံဘောင်ဘေလီ)တံတားနှင့် ကျောက်နီမွေးမြူရေးဇုန်လမ်း ဆောင်ရွက်နေမှုကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် စိုးလွင်အောင်ဆောက်လုပ်ရေးကုမ္ပဏီ BOT စနစ်ဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ရွှေညောင်- ရပ်စောက်- အင်တော- ကျောက်ဂူ- နောင်ချိုလမ်း မိုင်တိုင် အမှတ် (၁၀/ ၄ - ၁၀/၅)အတွင်းရှိ တံတားအမှတ် (၁/၁၁) ဆင်တဲ(ဘေလီသံဘောင်)တံတား၊ အကျယ် (၁၂)ပေ၊ အရှည် (၁၀၀)ပေ၏ တံတားယက်မကျိုးအက်သွားရာကုမ္ပဏီနှင့်တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြရာ တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လုပ်ငန်းများ အရည်အသွေးပြည့်မီရေးနှင့် အချိန်မီပြီးစီးရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ စနစ်တကျဆောင်ရွက်သွားရန်မှာကြားခဲ့သည်။

ဆက်လက်၍ ဝန်ကြီးသည်  ရေပူ - ကျောက်နီလမ်း ၄ မိုင် ၄ ဖာလုံရှိသည့်အနက် ၁ မိုင် ၂ ဖာလုံ ကတ္တရာလမ်းခင်းပြီး ကျန်ရှိသော ၃ မိုင် ၂ ဖာလုံမှ ၄ ဖာလုံအား မြေသားလမ်းမှ ကတ္တရာလမ်းအဖြစ်  အဆင့်တိုးမြှင့်ခြင်းလုပ်ငန်း၊ ၁ မိုင် ၆ ဖာလုံမှ မွေးမြူရေးဇုန်အဝင်လမ်းထိ မြေသားလမ်း မိုးရေတိုက်စားမှုများအားပြုပြင်ဆောင်ရွက်ရန်၊ ရေလွှဲမြောင်းများဖောက်လုပ်ရန်နှင့် လမ်းဘေးဝဲယာရှိ ချုံနွယ်များအား ရှင်းလင်းဆောင်ရွက်ရန်၊ လုပ်ငန်းများအရည်အသွေးပြည့်မီရေးနှင့် အချိန်မီပြီးစီးရေး စနစ်တကျဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရှိရသည်။

ကျော်ဇင်(ပြည်နယ်၊ ပြန်/ဆက်)