ဗဟန်းမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ဗီဒီယိုရိုက်ကူးတည်းဖြတ်ခြင်းနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲကျင်းပ

ရန်ကုန် ဇွန် ၁၀

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် ဗီဒီယိုရိုက်ကူးတည်းဖြတ်ခြင်း နည်းပညာရပ်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး လက်တွေ့အသုံးပြုနိုင်စေရန်အတွက် ရည်ရွယ်၍ ရန်ကုန်အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် ဗီဒီယိုရိုက်ကူးတည်းဖြတ်ခြင်းနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဓာတ်ပုံကျွမ်းကျင်-၂ ဦးမျိုးသီဟက ဗီဒီယိုရိုက်ကူးတည်းဖြတ်သည့် ဆော့ဝဲလ်အသုံးပြုပုံနှင့် ဆက်တင်အခမ်းအနားများ ဖန်တီးပြုလုပ်ပုံနည်းစနစ်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများက ဗီဒီယိုရိုက်ကူးတည်းဖြတ်ခြင်း လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ဓာတ်ပုံကျွမ်းကျင်-၂ ဦးမျိုးသီဟ ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ကျော်ဆန်းမြင့်