နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ရေစီးရေလာကောင်းမွန်စေရေး ကွင်းဆင်းစစ်ဆေးခြင်းနှင့် လယ်ယာမြေတွင် ခွင့်ပြုမိန့်မရရှိဘဲ ကျူးလွန်ဆောင်ရွက်နေမှုကို စိစစ်ခွဲခြားရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် ဇွန် ၁၀

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ဥတ္တရသီရိရေလှောင်တမံသို့သွားရောက်ပြီး တမံကြံ့ခိုင်ထိန်းသိမ်းခြင်းလုပ်ငန်းနှင့် ရေထုတ်ပြွန်ပြန်လည်ပြင်ဆင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တမံကြံ့ခိုင်ရေးအတွက် မြေစမ်းသပ်မှု(Soil Test) စနစ်တကျဆောင်ရွက်ရန်၊ ဆည်မှသောက်သုံးရေများ လုံလောက်စွာဖြန့်ဖြူးပေးရန်၊ တမံကြံ့ခိုင်ရေးနှင့် ဘေးအန္တရာယ်ကာကွယ်နိုင်ရေးအတွက် နေ့၊ ညတာဝန်ချထားဆောင်ရွက်ရန် မှာကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဥတ္တရသီရိမြို့နယ် သီရိရတနာလမ်းတွင် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်နေမှုများနှင့် စက်စက်ယိုချောင်းတွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် စက်ယန္တယားကြီးများဖြင့် ရှင်းလင်းဖယ်ရှားဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇေယျဌာနီလမ်းရှိ စက်စက်ယိုချောင်း‌တွင် Box Culvert ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ  ဇမ္ဗူသီရိမြို့နယ် နေပြည်တော် ဗဟိုမီးသတ်စခန်းသို့သွားရောက်ပြီး စုဖွဲ့ထားရှိသည့် ရှာဖွေကယ်ဆယ်‌ရေးတပ်ဖွဲ့ဝင်များအား တွေ့ဆုံ၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် သဘာဝဘေးဖြစ်ပွား‌လာပါက အချိန်နှင့်တစ်ပြေးညီ တုန့်ပြန်ဆောင်ရွက်နိုင်ရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် လူ၊ စက်ယန္တယား၊ စက်ကိရိယာများ အဆင်သင့် စနစ်တကျ စုဖွဲ့ဆောင်ရွက်ထားရှိရေး၊ ရေးဆွဲထားသည့် သဘာဝဘေးကြိုတင်ကာကွယ်ရေး စီမံချက်များနှင့်အညီ ဇတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ထားရှိရေး၊ အခြေခံပညာကျောင်းများနှင့် ပြည်သူလူထုအား သဘာဝဘေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရေး၊ ရှာဖွေကူညီကယ်ဆယ်ရေးအဖွဲ့များမှ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရန်အတွက် အမြဲမပြတ်လေ့ကျင့်ဆောင်ရွက်ရေး၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင်ရေး၊ ဖြစ်ပွားနိုင်သည့် ဘေးအန္တရာယ်များကို ကြိုတင်‌မျှော်တွေးပြီး အမြဲတမ်းအသင့်ဖြစ်အောင် စုဖွဲ့လေ့ကျင့်ဆောင်ရွက်ထားရေးတို့ကို မှာကြားခဲ့သည်။ ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌမှ  နေပြည်တော်မီးသတ်တပ်ဖွဲ့ ဦးစီးမှူးအား သဘာဝဘေးကယ်ဆယ်ရေးလုပ်ငန်းတွင်  အသုံးပြန်နိုင်ရန်အတွက် မီးစက်(5.5KVA) ငါးလုံး ပေးအပ်ပြီး ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များအား လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားကာ ရှာဖွေကယ်ဆယ်ရေးယာဉ်နှင့် စက်ပစ္စည်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမတွင်ကျင်းပပြုလုပ်သည့် နေပြည်တော်ကောင်စီရုံးဝန်ထမ်းများနှင့် လက်ရည်တစ်ပြင်တည်း နေ့လယ်စာမိတ်ဆုံစားပွဲအခမ်းအနားသို့ တက်ရောက်သည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးက နေပြည်တော်ကောင်စီရုံးဝန်ထမ်းများမှ လုပ်ငန်းတာဝန်များအပေါ် တာဝန်ကျေပွန်စွာ စည်းကမ်းရှိရှိ၊ သစ္စာရှိရှိ လုပ်ဆောင်နေမှုများကို အသိအမှတ်ပြုအလေးထားပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် မိသားစုစိတ်ဓာတ်ဖြင့် ညီညီညွတ်ညွတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတော်နှင့် နေပြည်တော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်ရင်း တွေ့ကြုံရမည့် စိန်ခေါ်မှုများ၊ အခက်အခဲများကို စုပေါင်းအားဖြင့် ကျော်လွှားနိုင်အောင် ကြိုစားဆောင်ရွက်ရန်လိုကြောင်း၊ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအချင်းချင်း ချစ်ကြည်ရင်းနီးမှုပိုမိုရရှိစေရန်နှင့် နွေးထွေးသည့်ဆက်ဆံရေးများ ရှိစေ‌ရန်အတွက်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျဆောက်ရွက်ကြရန်လိုကြောင်း၊ အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ဝန်ထမ်းများအနေဖြင့် မိမိတို့အား ပေးအပ်သည့်တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်သွားကြရန်လိုကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသည့် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်ကောင်စီရုံးဝန်ထမ်းများနှင့်အတူ နေ့လယ်စာအတူတကွ သုံးဆောင်ခဲ့သည်။

ထို့နောက် မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ လယ်ယာမြေတွင် ခွင့်ပြုမိန့်မရရှိဘဲ ကျူးလွန်ဆောင်ရွက်နေမှုအခြေအနေကို ခွင့်ပြုရန်သင့်/ မသင့် စိစစ်ခွဲခြားရန်အတွက် နေပြည်တော်အဆင့် လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများနှင့် ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ  တက်ရောက်ခဲ့ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လယ်ယာမြေဥပဒေ စည်းကမ်းချက်များတွင် လယ်ယာမြေကို ခွင့်ပြုမိန့်မရှိဘဲ အခြားနည်းသုံးစွဲခြင်းမပြုရ၊ လယ်ယာမြေကို ရာသီသီနှံအမျိုးအစားမှ အခြားသီးနှံအမျိုးအစားသို့ ခွင့်ပြုချက်မရှိဘဲ ပြောင်းလဲစိုက်ပျိုးခြင်းမပြုရဟု ပြဋ္ဌာန်းထားရှိသည့်အတိုင်း စနစ်တကျကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်း အသုံးပြုခြင်းများကို ဖြေရှင်းနိုင်ရန်နှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်ရမည့် စံပြုလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားရန်လိုကြောင်း၊ လုပ်ငန်းစဉ်များအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ခရိုင်/မြို့နယ်မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့များမှ လုပ်ငန်းတာဝန်များအား တိကျစွာလိုက်နာဆောင်ရွက်သွားရန်လိုကြောင်း၊ လယ်ယာမြေများ ဆုံးရှုံးမှုမရှိစေရေးနှင့် အနာဂတ်မြို့ပြစီမံကိန်းနယ်နမိတ်များနှင့် လွတ်ကင်းမှုရှိစေရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်မှ စနစ်တကျကွင်းဆင်းစိစစ်ဆောင်ရွက်ရန်လိုကြောင်း၊ လယ်ယာမြေကိုအခြားနည်းအသုံးပြုရန် လျှောက်ထားလာမှုများအား သတ်မှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျမြေပြင်ကွင်းဆင်းစိစစ်ပြီးမှသာ အဆင့်ဆင့် တင်ပြဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် တက်ရောက်လာကြသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များမှာကြားပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)