တာချီလိတ် ဇွန် ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေးအတွက် လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များအား စစ်ဆေးခြင်းကို တာချီလိတ်မြို့ဝင် (ကြိုဆိုပါ၏ ဆိုင်းဘုတ်)အနီးတွင် ယမန်နေ့ နံနက် ၉ နာရီက ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့သည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် အမှတ် (၁၉) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ (ရှမ်း-အရှေ့)ကွပ်ကဲမှုအောက်ရှိ အမှတ်(၁၂၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်)မှ တာဝန်ရှိသူများနှင့်အတူ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားရေးမှုဦးစီးဌာန၊ ဟောင်လိတ်နယ်မြေရဲစခန်းမှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့ဝင် (ကြိုဆိုပါ၏ ဆိုင်းဘုတ်)အနီး မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များအား ယာဉ်လိုင်စင်အတု၊ နံပါတ်ပြားအတုများ တပ်ဆင်မောင်းနှင်ခြင်း ရှိ/ မရှိ၊ လိုင်စင်မဲ့ယာဉ်များပါရှိခြင်း ရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြပြီး လိုင်စင်မဲ့ယာဉ်များ အသုံးပြုမောင်းနှင်သူများတွေ့ရှိပါက ဖမ်းဆီးအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့သည်။
တာချီလိတ်မြို့နယ်အတွင်း လိုင်စင်မဲ့မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအား စီမံချက်ချမှတ်၍ ဖော်ထုတ်ဖမ်းဆီးဆောင်ရွက်ခြင်းနှင့် မော်တော်ယာဉ်၊ ဆိုင်ကယ်အရောင်းဆိုင်များတွင် လိုင်စင်မဲ့နှင့် သက်တမ်းလွန်ယာဉ်များရောင်းချမှု ရှိ/ မရှိတို့ကို ဆက်လက်စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)