လွိုင်လင် ဇွန် ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၊ မင်္ဂလာအနောက်ကျောင်းတိုက်တွင် အစိုးရပါဠိပထမပြန်စာဖြေပွဲ (၂၀)အကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကြည်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွဋ်နှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စာမေးပွဲအောင် သံဃာတော်များ တက်ရောက်ခဲ့ကြသည်။ ဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ပြီးနောက် ဆရာတော်သံဃာတော်များအား ဩကာသကန်တော့ချိုးဖြင့် ကန်တော့ကာ လွိုင်လင်မြို့ဓာတ်တော်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဒေါက်တာပညာနန္ဒ(အဂ္ဂမဟာပဏ္ဍိတ)ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် ဆရာတော်သံဃာတော်များ ရွတ်ပွားသည့် ပရိတ်တရားတော်များနာယူကြသည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကြည်မြင့်မှ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။ ယင်းနောက် အစိုးရပါဠိပထမပြန်စာဖြေပွဲကြီးကြပ်ဆရာတော်များအား နဝကမ္မအလှူငွေများဆက်ကပ်ခြင်းနှင့် စာအောင်သံဃာများအား အောင်လက်မှတ်နှင့် ဝတ္ထုငွေများကို ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာအကြီးအကဲများက ဆက်ကပ်လှူဒါန်းခဲ့ကြပြီးနောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆိုဆုတောင်းပြီး အခမ်းအနား ရုတ်သိမ်းခဲ့ကြကြောင်း သိရသည်။ ယင်းနောက် ဆရာတော်သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်ကြသည်။
ယနေ့ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ် အစိုးရပါဠိပထမပြန်စာဖြေပွဲ (၂၀) ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနားတွင် အခြေပြုမူလတန်းအောင်သံဃာ (၁၆) ပါးရှိကြောင်း သိရသည်။
လွိုင်လင်မိုး