မြစ်ကြီးနား ဇွန် ၉
ကချင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဖူဆယ်နှင့် သဲသောင်ပြင်ဆပ်ကော်မတီနှင့် ပြည်နယ်ဘောလုံးအဖွဲ့ချုပ်တို့ပူးပေါင်း၍ ပြည်နယ်အတွင်း ဖူဆယ်အားကစား ပိုမိုနည်းစနစ်ကျပြီး တိုးတက်မြင့်မားလာစေရေးအတွက် ဖွင့်လှစ်သင်ကြားပေးမည့် AFC Futsal Level-1 Coaching Certificate Course 2025 သင်တန်းဖွင့်ပွဲကို ဇွန် ၈ ရက် ညနေ ၅ နာရီက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ သင်တန်းတက်ရောက်ကြသည့် သင်တန်းသားများက မိတ်ဆက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်၏ ဖူဆယ်အားကစားအနာဂတ်ကို ပုံဖော်ထုဆစ်ပေးကြမည့် သင်တန်း သားများအားလုံးကို ကြိုဆိုဂုဏ်ယူပါကြောင်း၊ ဒါ့အပြင် ဖူဆယ်အားကစားနည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသောခြေလှမ်းတစ်ခုဖြစ်သလို ယခုလို AFC ၏ အသိအမှတ်ပြု ဖူဆယ် Level-1 နည်းပြဆရာသင်တန်းသည် ပြည်နယ်မှ နည်းပြများအနေဖြင့် အဆင့်မီ နည်းစနစ်များကို သင်ယူနိုင် မည်ဖြစ်သည့်အတွက် ဖူဆယ်အားကစားအဆင့်အတန်းကို မြှင့်တင်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ထို့အပြင် သင်တန်းသားများအနေဖြင့် နည်းပြဆိုင်ရာကျွမ်းကျင်မှုများ၊ အားကစားစီမံခန့်ခွဲမှုများနှင့် လူငယ်များ၏ စွမ်းရည်တိုးတက်ရေးဖွံ့ဖြိုးရေးစသည့်တို့ကို အထူးလေ့လာသင်ယူကြရန်လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးလအောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီး သင်တန်းနည်းပြ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ နည်းပြဌာနမှ တာဝန်ခံဦးညီညီလတ်က သင်တန်းတွင်ပို့ချပေးသွားမည့် သင်တန်းစာများနှင့် သင်တန်းဆင်းများအား AFC အသိအမှတ်ပြု Level-1 နည်းပြဆရာအဖြစ် လက်မှတ်ပေးအပ်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းအတွက် ထောက်ပံ့ငွေကျပ် (၄၂၂၅၀၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး နည်းပြဆရာများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ခဲ့သည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ယနေ့န့နက် (၈) နာရီကလည်း ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မော်ဖောင်းကျေးရွာအုပ်စု အတွင်းရှိ မြေလွတ်မြေလပ်များတွင် အားကစားသိပ္ပံမြေနေရာအပါအဝင် ကွန်ပျူတာတက္ကသိုလ် မြေနေရာ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ ခြံဝန်းမြေနေရာများ သတ်မှတ်လျာထားပေးမှု၊ လမ်းများဖောက်လုပ်နေမှုနှင့် မြေဧရိယာ (၃၄) ဧကအတွင်း ကျေးရွာသစ်မြေနေရာအတွင်း စက်ယန္တရားများဖြင့် အိမ်ရာမြေကွက် ဖော်ထုတ်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ညှိနှိုင်းပေါင်းစပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)