မိုးနဲမြို့နယ်၌ ရာဂီမုန်တိုင်းကြောင့် စပါးနှင့်သီးနှံများပျက်စီးမှုအပေါ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်

မိုးနဲ ဇွန် ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ရာဂီမုန်တိုင်းကြောင့် စပါးနှင့်သီးနှံများ ပျက်စီးမှုအပေါ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ရာဂီမုန်တိုင်းကြောင့် စပါးနှင့်သီးနှံဧက ပျက်စီးမှုများအပေါ် ထောက်ပံ့ငွေပေးအပ်ရေး ကြီးကြပ်မှုကော်မတီအဖွဲ့ခေါင်းဆောင် ဦးငိုပွယ်နှင့်အဖွဲ့ဝင် ဦးထွန်းဝင်းတို့က ထောက်ပံ့ငွေများပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး အဖွဲ့ဝင် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မော်ဦးက စိုက်ပျိုးရေးဆိုင်ရာ ဆောင်ရန်/ရှောင်ရန် အချက်များကို တောင်သူအသိပညာပေး ပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

ထို့နောက် ရာဂီမုန်တိုင်းကြောင့် စပါးနှင့်သီးနှံဧကထိခိုက် ပျက်စီးသွားသော လယ်မြေသီးနှံဧက (၄၈၆) ဧကအတွက် တစ်ဧကလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် ငွေကျပ် (၄၈၆) သိန်းကို တောင်သူ (၁၅၄) ဦး အားတစ်ဦးချင်းစီ လက်ဝယ်အရောက် ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)