တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

တိုက်ကြီး ဇွန်

ရန်ကုန်တိုင်းဒေသကြီး၊တိုက်ကြီးမြို့နယ်၊အဖျောက်မြို့တွင် ကျောင်းသား၊ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များ အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပညာပြည့်ဝ နှလုံးလှသည့် လူငယ်လူရွယ်များဖြစ်လာစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ရွှေဥဒေါင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စောဝတ်ရည်က ယနေ့နိုင်ငံတော်၏ ကျရာအခန်းကဏ္ဍမှ ပါဝင်ထမ်းရွက်နေသူမှန်သမျှမှာ တစ်ချိန်က ကျောင်းသား၊ကျောင်းသူလူငယ်များပင်ဖြစ်ကြောင်း၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍမြှင့်တင်ရေးကို နိုင်ငံတော်အစိုးရက အလေးထားဆောင်ရွက် လျက်ရှိရာ မိမိတို့၏အနာဂတ်ကို ပိုမိုလှပအောင် စွမ်းဆောင်ရမည်ဖြစ်ကြောင်း၊အသိပညာ၊ အတတ်ပညာများနှင့်ပြည့်စုံသော နိုင်ငံသားကောင်း၊ သမီးကောင်းများဖြစ်လာစေရန် ဟန်ချက်ညီညီ ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း အသိပညာပေးဟော ပြောသည်။

ထို့နောက် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် ကလေးသူငယ် များစစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေး အသိပညာပေးနံရံ ကပ်စာစောင်များကိုပြသရာ တက်ရောက်လာသည့် ကျောင်းသား၊ကျောင်းသူများက စိတ်ဝင်စားစွာကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)