မိုင်းရှူး ဇွန် ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီက နားစံကျေးရွာအုပ်စု၊ နားစံကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းဆွေးနွေးပွဲတွင် ခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်လွင်နှင့် အဖွဲ့ဝင်များက ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် နားလည်သိရှိနိုင်စေရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းရန် အကျုံးဝင်သူများ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုခြင်း၊ ပြည်သူ့စစ်မှုထမ်း ဥပဒေရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းဥပဒေပါ ပြစ်မှုပြစ်ဒဏ်များ၊ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေအရ သတိပြုရန်အချက်များ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရရှိသူများ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ လျှော့ပေါ့ခွင့်ရရှိသူများ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ရွှေ့ဆိုင်းခွင့်ရရှိသူများ၊ စစ်သင်တန်း တက်ရောက်နေစဉ်နှင့် သင်တန်းဆင်းပြီး တာဝန်ထမ်းဆောင်ချိန်များတွင် လစာ၊ စရိတ် ၊ ရိက္ခာနှင့် အခြားခံစားခွင့်များအကြောင်း ဆွေးနွေးပြီး တက်ရောက်လာကြသော မိဘပြည်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် ခရိုင်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်လွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်းထိုက်နှင့် အဖွဲ့ဝင်များက ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာနေမိဘပြည်သူ စုစုပေါင်း (၈၀) ဦးထံ ပြည်သူ့စစ်မှုထမ်း လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)