မြစ်ကြီးနား ဇွန် ၉
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးနှင့်ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ရှိ သာသနာ့ဗိမာန်တော်ကြီး၌ ၂၀၂၅ ခုနှစ်၊ အစိုးရဓမ္မစရိယနှင့် ပါဠိပထမ ပြန်စာမေးပွဲဖြေဆိုလျက်ရှိသော သံဃာတော်များအား ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက သွားရောက် ကြည်ညိုပြီး ကြီးကြပ်ရေးအဖွဲ့ဆရာတော်များအား အလှူငွေများ လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့သို့ သွားရောက်လှူဒါန်းရာတွင် ပြည်နယ်ဝန်ကြီးနှင့်တာဝန်ရှိသူများက ဇွန် ၂ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပလျက်ရှိသည့် ၂၀၂၅ ခုနှစ်၊ အစိုးရဓမ္မစရိယနှင့်ပါဠိပထမပြန်(အကြီးတန်း၊ အလတ်တန်း၊ အငယ်တန်း၊ မူလတန်း)စာမေးပွဲများကို ဖြေဆိုလျက်ရှိသော သံဃာ တော်များ၊ သီလရှင် ဆရာကြီး/ဆရာလေးများအား လှည့်လည်ကြည်ညိုခဲ့ကြပြီး ကြီးကြပ်ရေးအဖွဲ့ဝင် ဆရာတော်များအား ဖူးမြှော်ကာ အလှူငွေကျပ် (၁၆၅၆၀၀၀၀) သွားရောက်လှူဒါန်းပေးခဲ့သည့်အပြင် စာမေးပွဲကာလအတွင်း အလှူရှင်များကလည်း အချိုရည်နှင့် သောက်ရေသန့်များကို ဆက်ကပ် လှူဒါန်းပေးလျက်ရှိသည်။
အလားတူ မွန်းလွဲ ၂ နာရီခွဲကလည်း ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မြစ်ကြီးနားမြို့အထွေထွေရောဂါကုဆေးရုံကြီးအတွက် ဆေးဝါးပစ္စည်းများလေယာဉ်ဖြင့် ပေးပို့ရောက်ရှိလာမှုကို မြစ်ကြီးနားလေဆိပ်၌ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)