စစ်တွေ ဇွန် ၉
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ သင်္ဘောများဖြင့် ဆန်နှင့်အခြေခံစားသောက်ကုန်ပစ္စည်းများကို ပို့ဆောင်ပေးလျက်ရှိရာ စစ်တွေမြို့ ဘက်စုံသုံး ဆိပ်ကမ်းတွင် အမ်ဗွီရဲထွန်းအောင်(၁)သင်္ဘော၊ အမ်ဗွီအောင်ရတနာသီရိ(၁)သင်္ဘော၊ အမ်ဗွီအောင်ရတနာဌေး သင်္ဘောနှင့်အမ်ဗွီမင်းခန့်ဖြိုးသင်္ဘောတို့ဖြင့် ရန်ကုန်မြို့မှ ဆန်နှင့်အခြေခံစားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများရောက်ရှိလာမှုကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမ်ဗွီရဲထွန်းအောင်(၁) သင်္ဘောတွင် ဆန်နှင့်အခြေခံစားသုံးကုန်ပစ္စည်းများအား ကုန်တင်ကုန်ချပြုလုပ်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး ကုန်ပစ္စည်းများအား စနစ်တကျအတင်အချပြုလုပ်နိုင်ရေး၊ ဈေးကွက်အတွင်းအမြန်ဆုံးဖြန့်ဖြူး ရောင်းချရေး၊ ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမဖြစ်စေရေး၊ လိုအပ်မှုမရှိသောနေရာများသို့ မရောက်ရှိစေနိုင်ရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေးတို့ကိုမှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမ်ဗွီအောင်ရတနာသီရိ(၁)သင်္ဘောပေါ်မှ ဆန်နှင့် အခြေခံ စားသောက်ကုန်များကို ကုန်တင်ကုန်ချ ပြုလုပ်နေမှုအားလည်းကောင်း၊ အမ်ဗွီအောင်ရတနာဌေးသင်္ဘောပေါ်မှ ဆန်၊ စားသုံးဆီနှင့်အခြေခံစားသောက်ကုန်များကို ကုန်တင်ကုန်ချပြုလုပ်နေမှုအားလည်းကောင်း သွားရောက် ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ အလားတူ စစ်တွေမြို့၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဆိပ်ကမ်း၌ ရောက်ရှိနေသော အမ်ဗွီမင်းခန့်ဖြိုးသင်္ဘောပေါ်မှ ဆန်နှင့် အခြေခံစားသောက်ကုန်များကို ကုန်တင်ကုန်ချ ပြုလုပ်လျက်ရှိသည်။
စစ်တွေမြို့တွင် ကုန်တင်ကုန်ချပြုလုပ်နေသော အမ်ဗွီရဲထွန်းအောင်(၁)သင်္ဘောတွင် ဆန်နှင့်အခြေခံ စားသောက်ကုန်ပစ္စည်းများ တန်ချိန် ၈၉၉ ဒသမ ၇ တန်တင်ဆောင်၍လည်းကောင်း၊ အမ်ဗွီအောင်ရတနာ သီရိ(၁)သင်္ဘောတွင် ဆန်နှင့်အခြေခံစားသောက်ကုန်ပစ္စည်းများ တန်ချိန် ၁၁၅၀ တန်တင်ဆောင်၍ လည်းကောင်း၊ အမ်ဗွီအောင်ရတနာဌေး သင်္ဘော ဆန်၊ စားသုံးဆီနှင့် အခြေခံ စားသောက်ကုန်ပစ္စည်းများ တန်ချိန် ၁၁၀၅ တန်တင်ဆောင်၍လည်းကောင်း၊ အမ်ဗွီမင်းခန့်ဖြိုးသင်္ဘောတွင် ဆန်နှင့်အခြေခံစားသောက်ကုန်ပစ္စည်းများ တန်ချိန် ၃၃၇ တန်တင်ဆောင်၍လည်းကောင်း စစ်တွေမြို့သို့ ရောက်ရှိလာခြင်းဖြစ်သည်။
ထိုသို့ သွားရောက်ကြည့်ရှုစဉ် ပြည်နယ်ဝန်ကြီးချုပ်က ကုန်ပစ္စည်းများအားကုန်တင်ကုန်ချ ပြုလုပ်ရာ၌ ယာယီနေရပ်စွန့်ခွာစခန်းများတွင် နေထိုင်ကြသည့် ပြည်သူများဝင်ရောက်လုပ်ကိုင်နေမှုနှင့် ဆက်လက်၍ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွား ကြရန်မှာကြားခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)