တာချီလိတ် ဇွန် ၉
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ တာချီလိတ်ခရိုင်နှင့် မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူး၍ ခရိုင်အဆင့် မိုးရာသီသစ်ပင်စိုက်ပွဲတော်ကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၃၃၁) ခြေမြန်တပ်ရင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးကျော်မင်းထွန်းက အ.မ.က(လွယ်စတုံ)ဆရာမများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဝေသုံက လွယ်စတုံ(ပေါ်၊အောက်)ကျေးရွာ တာဝန်ရှိသူများနှင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီးမင်းသိန်းက လူမှုရေးအသင်းအဖွဲ့များသို့ ပျိုးပင်များ ပေးအပ်သည်။
ထို့နောက် ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများနှင့် မိသားစုဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်း အဖွဲ့ဝင်များနှင့် ကျေးရွာနေပြည်သူ (၅၂၀) ဦးတို့က ကျွန်းပင် ၂၀၀၊ မဟော်ဂနီပင် ၂၀၀၊ မယ်ဇလီပင် ၂၀၀၊ မန်ဂျန်ရှားပင် ၄၆၀၊ စိန်ပန်းကြီးပင် ၅၀၊ ကံ့ကော်ပင် ၅၀၊ ခရေပင် ၅၀ စသည့်ပျိုးပင် စုစုပေါင်း (၁၂၁၀) ပင်ကို တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
သန်းဇော်(တာချီလိတ်)