ကျိုင်းတုံ ဇွန် ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့(ကျိုင်းတုံ)မှ ကြီးမှူးဖွင့်လှစ်သည့် အမှုစစ် (အရာရှိ)(မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ကျိုင်းတုံမြို့၊ အမှတ်(၁)ရပ်ကွက်၊ သစ်တစ်ပင်တောင်၊ မြဝတီရဲသင်တန်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ) ရဲမှူးကြီး မောင်မောင်အေးက ပြစ်မှုကျူးလွန်သူများကို ထိုက်သင့်သည့် ပြစ်ဒဏ်များရရှိစေရန်၊ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ စုံစမ်းစစ်ဆေးဖော်ထုတ်တတ်စေရန်၊ အရည်အချင်းပြည့်ဝသည့် အမှုစစ်အရာရှိများ ဖြစ်စေရန် သင်တန်းသားများအနေဖြင့် သင်တန်းကပို့ချသည့် ဘာသာရပ်များကို မြေပြင်မှာ အမှန်တကယ် လက်တွေ့လုပ်ဆောင်နိုင်အောင်၊ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ရန်နှင့် ရဲလုပ်ငန်းတာဝန်များ ဆောင်ရွက်သည့်နေရာမှာ ပိုမိုအောင်မြင်အောင် ဂရုတစိုက် လိုက်နာသင်ယူသွားကြရန် အမှာစကားပြောကြားသည်။
သင်တန်းသို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ အရာရှိရဲတပ်ဖွဲ့ဝင် ၂၀ ဦး တက်ရောက်ပြီး ဇွန် ၉ ရက်မှ ၂၀ ရက်အထိ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)