ပျော်ဘွယ်မြို့နယ် အ.ထ.က (ရွာသစ်အနောက်)တွင် စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပွဲ ကျင်းပ

ပျော်ဘွယ် ဇွန် ၉

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်(၉)နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း (ရွာသစ်အနောက်)တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက အသိဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ကျောင်းစာတွင်သာမက  ဗဟုသုတရရှိစေမည့် စာပေများကို လေ့လာဖတ်ရှုရန် လိုအပ်ပါကြောင်းနှင့် ရွေးချယ်ဖတ်ရှုသင့်သည့် စာပေများအကြောင်းကို ကျောင်းသား၊ ကျောင်းသူများအတူ အပြန်အလှန် ရှင်းလင်းဟောပြောသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များ၊ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း၊ အလားတူ အခြေခံပညာအလယ်တန်းကျောင်း (ညောင်ရွှေ)တွင်လည်း အသိပညာပေး ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)