ရှမ်းပြည်နယ်(တောင်ပိုင်း) ပြောင်းလုပ်ငန်းအသင်း၏ ၂၀၂၂-၂၀၂၅ ခုနှစ် သက်တမ်း(ဒုတိယ)အကြိမ် အသင်းသားစုံညီ အစည်းအဝေးနှင့် ၂၀၂၅-၂၀၂၈ ခုနှစ် သက်တမ်းအတွက် အမှုဆောင်အသစ် ရွေးချယ်ပွဲ အခမ်းအနားကျင်းပ

တောင်ကြီး ဇွန် ၉

ရှမ်းပြည်နယ်(တောင်ပိုင်း) ပြောင်းလုပ်ငန်းအသင်း၏ ၂၀၂၂-၂၀၂၅ ခုနှစ် သက်တမ်း(ဒုတိယ) အကြိမ် အသင်းသားစုံညီအစည်းအဝေးနှင့် ၂၀၂၅-၂၀၂၈ ခုနှစ် သက်တမ်းအတွက် အမှုဆောင်အသစ်ရွေးချယ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က တောင်ကြီးမြို့၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (SSSCCI)၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က တက်ရောက်၍ အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကထားသည့် နိုင်ငံဖြစ်ပြီး ပြောင်းသီးနှံသည်လည်း စိုက်ပျိုးရေးထုတ်ကုန်များထဲမှ အရေးကြီး ထုတ်ကုန်သီးနှံတစ်မျိုးဖြစ်ကြောင်း၊ တောင်သူလယ်သမားများအတွက်လည်း သက်တမ်း ကြာရှည်ခံနိုင်ပြီး ဈေးကွက်တန်ဖိုးမြင့် သီးနှံတစ်မျိုးဖြစ်ကြောင်း၊ တောင်သူလယ်သမားများအတွက် အခြေခံဝင်ငွေအဖြစ် ရရှိနိုင်သည့်အပြင် ပြည်တွင်းနှင့် ပြည်ပဈေးကွက်များမှာ လိုအပ်ချက်များပြားပြီး သုံးစွဲမှုအမြဲရှိသော သီးနှံဖြစ်ကြောင်း၊ ပြောင်းသီးနှံ စိုက်ပျိုးထုတ်လုပ်ရာတွင် အရေအတွက်ထက် အရည်အသွေးကောင်းသည့် သီးနှံများရရှိရေး လိုအပ်သည့် သွင်းအားစုများ၊ မျိုးကောင်းမျိုးသန့်များ ရရှိရန်လိုအပ်သလို စိုက်ပျိုးရေးနည်းစနစ်ဟာလည်း စနစ်ကျဖို့ အရေးကြီး ကြောင်း၊ ရှမ်းပြည်နယ်သည် စိုက်ပျိုးမြေဧက အလွန်ကျယ်ဝန်းသဖြင့် စိုက်ပျိုးသီးနှံမျိုးစုံ ထွက်ရှိသည့် ဒေသဖြစ်ရာ ပြောင်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှုသည်လည်း တဖြည်းဖြည်း တိုးတက်လာသည်ကို ကုမ္ပဏီများမှ ရရှိသော စာရင်းမှတ်တမ်းများအရ ရှမ်းပြည်နယ်(တောင်ပိုင်း) ပြောင်းစိုက်ဧကသည် ၆ သိန်းခန့်နှင့် အထွက်နှုန်း ၁.၂ သန်းမက်ထရစ်တန်ခန့်ရှိကြောင်း၊ ရှမ်းပြည်နယ်သည် တစ်နိုင်ငံလုံး ပြောင်းစိုက်ပျိုး ထုတ်လုပ်မှု၏ ၇၀ ရာခိုင်နှုန်းရှိကြောင်း၊ ၎င်းမှ ၃၀ ရာခိုင်နှုန်းခန့်ကို ပြည်တွင်း မွေးမြူရေးအစာစက်များ၌ သုံးစွဲပြီး၊ ကျန် ၇၀ ရာခိုင်နှုန်းခန့်ကို ပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ တောင်သူများအနေဖြင့် ပြောင်းစိုက်ပျိုးရေး သိပ္ပံနည်းကျ လုပ်ငန်းစဉ်များ သင်ကြားခြင်း၊ တောင်ယာ မီးရှို့သည့် စနစ်များ လျော့နည်းပပျောက်အောင် ဆောင်ရွက်ခြင်း၊ ပြောင်းအရည်အသွေး ထိန်းသိမ်းခြင်းနှင့် အသိပညာပိုမိုကောင်းမွန်မှုရှိပြီး စည်းလုံးညီညွတ်သည့် လယ်ယာအသိုင်းအဝိုင်းဖြစ်အောင် ဆောင်ရွက်သွားစေလိုကြောင်း၊ ဖောက်သည်၏ လိုအပ်ချက်ကို အခြေခံသည့် ဈေးကွက် တိုးချဲ့ရေးကိုလည်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ အိမ်နီးချင်း ထိုင်းနိုင်ငံ၏ မူဝါဒအရ မီးရှို့တောင်ယာများက ထွက်ရှိသည့် ပြောင်းများကို တင်သွင်းခွင့် မပြုခြင်းကြောင့် ပြောင်းစိုက် တောင်သူများအပြင် အခြားနီးစပ်ရာ တောင်သူများကိုလည်း တောင်ယာမီးရှို့သည့်စနစ်များ ပပျောက်လာအောင် အချင်းချင်းစည်းရုံးခြင်း၊ နည်းပညာဖြန့်ဝေပေးခြင်းများအား ဆောင်ရွက်သင့်ကြောင်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့အနေဖြင့်လည်း ပြောင်းလုပ်ငန်းရှင်အသင်းဝင်များ လိုအပ်ချက်များရှိလာပါက တင်ပြကြရန်နှင့် ကူညီဆောင်ရွက်ပေးရန် အသင့်ရှိကြောင်း၊ မြန်မာနိုင်ငံပြောင်းလုပ်ငန်း အသင်းဝင်များအနေဖြင့် နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒများ၊ လမ်းညွှန်မှုများကို လိုက်နာခြင်းဖြင့် နိုင်ငံတော်နှင့်လုပ်ငန်းရှင်များပူးတွဲပြီး တက်ညီလက်ညီ ဆောင်ရွက်မည် ဆိုပါက သာယာဝပြော ခေတ်မှီနိုင်ငံတော်ကြီးတစ်ခုအဖြစ် ရပ်တည်နိုင်မည် ဖြစ်သောကြောင့် အားလုံး ပူးပေါင်းလက်တွဲ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း ဥက္ကဋ္ဌ ဦးအေးချမ်းအောင်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ပြောင်းလုပ်ငန်းအသင်း ဥက္ကဋ္ဌ ဒေါက်တာကြည်လွင်တို့မှ အမှာစကား ပြောကြားခဲ့ သည်။

အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ရှမ်းပြည်နယ် စက်မှုကုန်သည်အသင်းချုပ် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ပြောင်းလုပ်ငန်းအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တောင်သူအကျိုးပြုလုပ်ငန်းရှင်များ၊ တောင်သူများ (၁၁၂) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ထက်ဝေအောင်