ငါန်းဇွန်မြို့၌ (၃၆) ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပ

ငါန်းဇွန် ဇွန် ၉

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ်(၁) ရပ်ကွက် ရတနာပုံကျောင်းတိုက် ရွှေစင်ရတနာဓမ္မာရုံ၌ ယနေ့ နံနက် ၉ နာရီအချိန်က ၂၀၂၄ ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့သော စာအောင်သံဃာတော်များအား (၃၆)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နမောတဿ (၃)ကြိမ် ရွတ်ဆို၍ (၃၆) ကြိမ်မြောက် စူဠဘွဲ့နှင်သဘင်အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး ပါဠိပထမပြန်စာမေးပွဲ နာယကဆရာတော် ဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တနရပတိထံ ငါးပါးသီလ ခံယူဆောက်တည်၍ ဩဝါဒခံယူကြသည်။

ထို့နောက် ၂၀၂၄ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့သော စာအောင်သံဃာတော် ပထမငယ်တန်း၌ သံဃာတော်(၆)ပါး၊ အခြေပြုမူလတန်း၌ သံဃာတော် (၄) ပါးနှင့် အဘိဓမ္မာ စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့သော သံဃာတော်၊ သီလရှင်နှင့် လူပုဂ္ဂိုလ် (၂၉) ပါး၊ စုစုပေါင်း (၃၉) ပါး ရှိသည်ဖြစ်ရာ အခမ်းအနားသို့ တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမျိုးမင်းသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများက စာအောင်သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်တို့အား စာအောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ပူဇော်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကြွရောက်လာသော မြို့နယ်သံဃ့ာနာယကဆရာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပူဇော်ပြီး လှူဒါန်းမှု အစုစုတို့အတွက် ဆရာတော် ဒေါက်တာဘဒ္ဒန္တနရပတိထံ ရေစက်သွန်းချအမျှဝေကာ ဗုဒ္ဓသာသနံစိရံတိတု (၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။     

သက်နောင်ဦး(ငါန်းဇွန်)