ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူရေလှောင်ကန်ကြံ့ခိုင်မှု၊ ရေသိုလှောင်ထားရှိမှု၊ ရေပေးဝေမှုအခြေအနေနှင့် ဒေသဖွံ့ဖြိုးတိုးတက်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

ရန်ကုန် ဇွန် ၉

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ဇွန်လ ၇ ရက်နေ့နံနက်ပိုင်းက တိုက်ကြီးမြို့နယ်၊ ဂျိူးဖြူရေလှောင်ကန် ကြံ့ခိုင်မှု၊ ရေသိုလှောင်ထားရှိမှု၊ ရေပေးဝေမှုအခြေအနေများနှင့် ဒေသဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူရေလှောင်ကန် ကြံ့ခိုင်မှု၊ ရေသိုလှောင်ထားရှိမှုနှင့် ရေပေးဝေမှုလုပ်ငန်းအဆင့်ဆင့် အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် တိုက်ကြီးမြို့နယ်၊ မွေးမြူရေးဇုန်အနီးရှိ သနပ်ချောင်းပိတ် ရေလှောင်တမံအတွင်း ရေသိုလှောင်ထားရှိမှု၊ ရေပိုလွှဲမှ ရေထုတ်လွှတ်နေမှုနှင့် ရေလှောင်တမံကြံ့ခိုင်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် ဦးကဲ၏ မွေးမြူရေးခြံတွင် ဒေသနွားအကောင်ရေငါးဆယ် မွေးမြူထားရှိမှုနှင့် ဆိတ်ခြံတွင် အကောင်ရေနှစ်ရာခြောက်ဆယ်နှစ်ကောင် မွေးမြူထားရှိမှုအားလည်းကောင်း၊ National Wood နွားမွေးမြူရေးခြံတွင် အကောင်ရေနှစ်ရာငါးဆယ် မွေးမြူထားရှိမှုအားလည်းကောင်း၊ ဦးကဲ၏ နွားမွေးမြူရေးခြံတွင် အကောင်ရေလေးဆယ် မွေးမြူထားရှိမှုတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးရာ လုပ်ငန်း လုပ်ကိုင်သူများ၏ တင်ပြချက်များကို သက်ဆိုင်ရာ ဌာနဆိုင်ရာအကြီးအကဲများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)