အောင်မြေသာစံ ဇွန် ၉
ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းက စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ယာယီခရိုင်ရုံးသို့ရောက်ရှိပြီး ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများအားတွေ့ဆုံ၍ အားပေးစကားပြောကာ လုပ်ငန်းဆိုင်ရာများ မှာကြားသည်။ ထို့နောက် စစ်ကိုင်းတောင်ရိုးပေါ်ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံသို့ ရောက်ရှိကာ ကြည့်ရှုစစ်ဆေးပြီး ဇုံနယ်မှူးနှင့် ဝန်ထမ်းများအား တွေ့ဆုံမှာကြားသည်။ စစ်ကိုင်းထပ်ဆင့်လွှင့်စက်ရုံသည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု ကြီးကြီးမားမားမရှိဘဲ ပုံမှန်ထုတ်လွှင့်မှုများ ဆောင်ရွက်လျက်ရှိသည်။
နေ့လယ်ပိုင်းတွင် မန္တလေး၊ အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများအား ကြည့်ရှုစစ်ဆေးပြီး ဆက်လက်ဆောင်ရွက် ရန်ရှိသည်များကို မှာကြားခဲ့သည်။
ဒုတိယဝန်ကြီးက ဝန်ထမ်းများအား မှာကြားရာတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားရမှုများအတွက် အားပေးနှစ်သိမ့်ပြီး လုပ်ငန်းတာဝန်များကို ပုံမှန်ဆောင်ရွက်နေကြပြီဖြစ်ပါကြောင်း၊ စစ်ကိုင်းခရိုင်ရုံးမှ ကွယ်လွန်သွားသော ဝန်ထမ်းများအတွက် ရသင့်ရထိုက်သည့် ခံစားခွင့်များရရှိရေးအလေးထားဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ကိုယ်ပိုင်နေအိမ်များ ပျက်စီးဆုံးရှုံးမှုများကို သက်ဆိုင်ရာသို့ တင်ပြရန်လိုကြောင်း၊ နိုင်ငံတော်အနေဖြင့် တတ်နိုင်သမျှ ကူညီထောက်ပံ့ပေးလျက်ရှိကြောင်း၊ ရွေးကောက်ပွဲအောင်မြင်ရေးအတွက် ပေးအပ်လာသည့် တာဝန်များထမ်းဆောင်နိုင်ရေး ကြိုတင်ပြင်ဆင်ထားကြရန်နှင့် နွေရာသီမီးဘေးအန္တရာယ်ကာကွယ်ရေး သတိထားရန်လိုကြောင်း၊ စက်ပစ္စည်းများ ပုံမှန်စစ်ဆေးထိန်းသိမ်းပြီး မပျက်စီးအောင် ဂရုစိုက်ရန်နှင့် ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများအား လုပ်ထုံးလုပ်နည်းနှင့်အညီပြုပြင်ရေး၊ ဆုံးရှုံးမှုများအား စာရင်းမှပယ်ဖျက်နိုင်ရေးတို့ကို ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။ဒုတိယဝန်ကြီးက ဝန်ထမ်းများအား တွေ့ဆုံရာတွင် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)