မြစ်ကြီးနား ဇွန် ၉
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့ပေးနိုင်ရေး ပူတာအိုမြို့သို့ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ ဇွန် ၇ ရက် နံနက် ၉ နာရီက ဖုန်ကုန်ရာဇီခန်းမ၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/ ကျောင်းသူများအား အာဟာရထောက်ပံ့ပေးအပ်ခြင်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ထောက်ပံ့ငွေများပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြု လုပ်ရာ အခြေခံပညာအထက်တန်းကျောင်း(ပူတာအို)မှ ကျောင်းသား/ ကျောင်းသူလေးများက တေးသရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေတင်ဆက်၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပုံမှန်လည်ပတ်ထုတ်လုပ်၍ ဒေသတွင်း စားရေရိက္ခာဖူလုံလာစေရေး အရှိန်အဟုန်ဖြင့် ကြိုးစားဆောင်ရွက်လျက်ရှိရာတွင် ယခုအခါ ဒေသခံများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဆန်ဖူလုံစေပြီး စားဆီဖူလုံလာစေရေးနှင့် ဒေသတွင်း သား၊ ငါးစားသုံးမှု ဖူလုံမှုရှိစေရေးကို ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ယနေ့ Grade-12 ပြန်လည်ဖြေဆိုကြမည့် ကျောင်း သား/ ကျောင်းသူများအနေဖြင့် မိမိတို့ပြန်လည်ရရှိသည့် အခွင့်အရေးကို ကောင်းမွန်စွာ အသုံးချပြီး ကြိုးစားဖြေဆိုကြရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေးအတွက် ဒေသခံများအားလုံးက ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရန် အလေးအနက်ထား တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ပညာရေးမှူး ဦးစိုးသိုက်က Grade-12 စာမေးပွဲပြန်လည်စစ်ဆေး ကျင်းပပြုလုပ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် စည်းမျဉ်းစည်းကမ်း နှင့်အညီ ကျင်းပပြုလုပ်နိုင်ရေး အလေးထားလိုက်နာဆောင်ရွက်ရမည့် အစီအစဉ်များကို ရှင်းလင်း တင်ပြသည်။
ယင်းနောက် ထောက်ပံ့ပစ္စည်းများကိုပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီး၊ စစ်ဗျူဟာအဖွဲ့(အခြေချ) (ပူတာအို)စစ်ဗျူဟာမှူးနှင့် တာဝန်ရှိသူများက ပူတာအိုခရိုင်အတွင်း မြို့နယ်များအလိုက် Grade-12 စာမေးပွဲ ပြန်လည်ဖြေဆိုနိုင်ရေး ပူတာအိုမြို့ပေါ် ကျောင်းများတွင် စခန်းသွင်းလေ့ကျင့်သင်ကြားပေးလျက်ရှိသော ကျောင်းသား/ ကျောင်းသူ (၆၄၃) ဦးတို့အတွက် အာဟာရထောက်ပံ့ကြေးအဖြစ် ငွေကျပ်သိန်း (၁၃၀)နှင့် ဆန်အိတ်များ၊ ဆီ၊ ကြက်ဥနှင့် စားသောက် ကုန်များကို အသီးသီးပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဇီးအွန်ကျေးရွာအတွင်း လယ်ယာထွက် စိုက်ပျိုးရေးသီးနှံများ သယ်ယူရာတွင် လွယ်ကူချောမွေ့စေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ ကူညီ ပံ့ပိုးမှု၊ ဒေသခံတောင်သူများ၏ လုပ်အားဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော မူလာချောင်းကူးကြိုးတံတား တည်ဆောက်ပြီးစီးခဲ့သည့်အတွက် ချီးမြှင့်ငွေကျပ် (၂၅)သိန်းကို လည်းကောင်း၊ မြို့မရပ်ကွက် နမ့်ထွမ်ချောင်းရေ တိုက်စားမှုမှ ကာကွယ်နိုင်ရေး ယာယီရေကာတာတည်ဆောက်ခြင်းအတွက် ဝါးလုံး (၂၀၀) ဝယ်ယူနိုင်ရန် ငွေကျပ် (၆)သိန်းကို လည်းကောင်း၊ မချမ်းဘောမြို့နယ်၊ အင်ဘူးဘော့ ကျေးရွာအတွင်းရှိ ပိုင်ရှင် ဦးဇော်တောင်၏ ဂရိတ်ဖုသီးခြံအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည် ရန်ပုံငွေအဖြစ် ငွေကျပ်သိန်း (၁၅၀)ကိုလည်းကောင်း၊ အမှတ်(၃)ရပ်ကွက်အတွင်းရှိ တောင်သူ ဦးမရိန်ဖီ၏ အလေချီအပါအဝင် ဘက်စုံစိုက်ပျိုးရေးခြံအတွက် စိုက်ပျိုးရေသွယ်တန်းနိုင်ရေး ရေပိုက် ဝယ်ယူရန်အတွက် ထောက်ပံ့ငွေကျပ် (၁၅)သိန်းကို လည်းကောင်း၊ ဖန်ခိုင်ပရဟိတဘုန်းတော်ကြီးကျောင်းနှင့် ဟိုခိုပရိဟိတဘုန်းတော်ကြီးကျောင်းတို့အတွက် ဆန်အိတ် (၂၀)အိတ်နှင့် ဖျော်ဖြေရေး အဖွဲ့များအတွက် ချီးမြှင့်ငွေများကိုလည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပူတာအိုမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် စိုက်ပျိုးရာသီ မိုးစပါးထွန်ယက်စိုက်ပျိုးနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်ဖြင့်ပူတာအိုမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအား ပြင်ပပေါက်ဈေးထက်ပိုမိုချိုသာသော ဈေးနှုန်းဖြင့် စက်သုံးဆီ(ဒီဇယ်) ရောင်းချပေးလျက်ရှိသည့် ဇေယျာမင်းစက်သုံးဆီဆိုင်သို့ သွားရောက်ပြီး အလှည့်ကျစနစ်ဖြင့် ဖြန့်ဝေရောင်းချပေးနေမှုနှင့် တောင်သူများအား မိုးစပါးအချိန်မီစိုက်ပျိုးနိုင်ရေးနှင့် မိုးစပါးရိတ်သိမ်းအပြီး ဆီမုန်ညှင်းစိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သည်များ ပံ့ပိုးကူညီပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားမှုများကို ရှင်းလင်းပြောကြားခဲ့သည်။
ထိုမှတစ်ဆင့် ဆာရ်ခွမ်ဒမ်းကျေးရွာသို့ သွားရောက်ပြီး ကျေးရွာအတွင်း မွေးမြူရေးတောင်သူ ဒေါ်အနား၏ခြံ၌ ဒေသဝက်ကောင်ရေ (၂၀) မွေးမြူထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြကာ ဝက်မွေးမြူရေးလုပ်ငန်း တိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ထုတ်ချေးပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပူတာအိုမြို့ ပန်းလှိုင်ရပ်ကွက်အတွင်းရှိ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနပိုင် ငါးကန်များအတွင်း ဒေသတွင်း ငါးမွေးတောင်သူများထံ ငါးသားပေါက်များ ဖြန့်ဝေပေးနိုင်ရေး မွေးမြူဆောင်ရွက်ထားသည့် ငါးနီ၊ ငါးကလာ၊ ငါးခူ၊ ငါးခုံးမကြီးစသည့် ငါးများမွေးမြူထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဆွဲပိုက်ဝယ်ယူနိုင်ရေး ငွေကျပ်သိန်း (၅၀)ကို ထောက်ပံ့ပေးအပ် ခဲ့ကြကာ အဆိုပါ ရပ်ကွက်အတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမတည်ပေးမှုဖြင့် အကျိုးဖြစ်ထွန်းအောင်မြင်လျက်ရှိသော စူပါဝမ်း အဆင့်မြင့်ဝါးတူလုပ်ငန်းသို့ သွားရောက်ပြီး စက်ရုံအတွင်း စက်ယန္တရားများ အသုံးပြု၍ ဝါးမှတစ်ဆင့် ဝါးတူအဖြစ်သို့ အဆင့်ဆင့် ထုတ်လုပ်/ ထုတ်ပိုးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည်ဇီးအွန်ကျေးရွာအုပ်စု လန်းနိုကျေးရွာအတွင်း စိုက်ပျိုးရေးတောင်သူများအတွက် အကျိုးပြုလယ်ဧက ၇၀၀ ကျော်တို့ အား မူလာရှီးဒီချောင်းရေမှတစ်ဆင့် စိုက်ပျိုးရေဖြန့်ဝေပေးလျက်ရှိသည့် အရှည်ပေ ၁၀၀၀၀ ခန့်ရှိ လန်းနိုရေမြောင်းအား မူလာချောင်း ချောင်းရေကြီး/ ရေလျှံမှုကြောင့် ရေမြောင်း ရေကာတာပြန်လည် တည်ဆောက်ခြင်းနှင့် ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ဒေသခံတောင်သူများ လုပ်အားဖြင့် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံကာ လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ငွေကျပ်သိန်း ၂၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့မှတစ်ဆင့် ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်အတွင်းရှိ ခါကာဘို ဘိုးဘွားရိပ်သာသို့ သွားရောက် ပြီး ရိပ်သာတည်ထောင်သူ ဦးဖလားဆင်နှင့် ရိပ်သာအတွင်းရှိ သက်ကြီးအဘွားများအား ဂါဝရပြု မိတ်ဆက်တွေ့ဆုံခဲ့ကြပြီး ရိပ်သာအတွက် ထောက်ပံ့ငွေကျပ် (၁၀)ကို ပေးအပ်ကာ ရိပ်သာအတွင်း ဘိုးဘွားများအတွက် အဆောင်သစ်များ တိုးချဲ့ဆောက်လုပ်ထားရှိမှုနှင့် ဝက်မွေးမြူလျက်ရှိသည့် အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် အဆိုပါရပ်ကွက်အတွင်းရှိ ရဝမ်ရိုးရာယဉ်ကျေးမှုကွင်းအတွင်း ရဝမ်ရိုးရာယဉ် ကျေးမှုပြတိုက်သို့ သွားရောက်ပြီး ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ရှေးရဝမ်တိုင်းရင်းသား တို့၏ ခေတ်အဆက်ဆက် အသုံးပြုခဲ့သော လူမှုအသုံးအဆောင်ပစ္စည်းများ၊ ရေခဲတောင်ဒေသထွက် ဆေးဝါးပစ္စည်းများ၊ ဝတ်စားဆင်ယင်မှုများ၊ ခေတ်အဆက်ဆက် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့ကြ သော ရဝမ်တိုင်းရင်းသားများနှင့် ထင်ရှားကျော်ကြားသော ရဝမ်တိုင်းရင်းသားများ၏မှတ်တမ်းများ စုစောင်းပြသထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး စနစ်တကျဖြင့် ထိန်းသိမ်းပြသနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ ပြတိုက်ပြုပြင်ထိန်းသိမ်းရေးအတွက် ထောက်ပံ့ငွေများကို ချီးမြှင့်ပေးအပ်ခဲ့သည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ယနေ့ မွန်းလွဲ ၁ နာရီကလည်း ပူတာအိုမြို့၊ မတ်ပန်ကွင်းအတွင်း စိုက်ပျိုးရေးဦးစီးဌာနက တောင်သူအသိပညာပေး စိုက်ပျိုးထားသည့် နွေစပါး စိုက်ခင်းအတွင်း စုပေါင်းပေါင်းနှုတ်ခြင်း သရုပ်ပြသမှုကိုလည်းကောင်း၊ အဆိုပါကွင်းအတွင်းရှိ လယ်များအတွင်း မိုးစပါးစိုက်ပျိုးနိုင်ရေး ထွန်ယက်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် မျိုးစပါးများ ပျိုးထောင်စိုက်ပျိုးထားရှိမှုတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် ပူတာအိုလေဆိပ်၌ ခရိုင်ပြည်သူ့ဆေးရုံအတွက် ဆေးဝါးပစ္စည်းများလေယာဉ်ဖြင့် တင်ဆောင်ရောက်ရှိလာမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)