နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော လမ်းများ ပြန်လည်ပြုပြင်နေမှုနှင့် အမှုထမ်းအိမ်ရာများ၊ အပျိုဆောင်၊ လူပျိုဆောင်များ ဆောက်လုပ်နေမှု ကွင်းဆင်းစစ်ဆေး

နေပြည်တော် ဇွန် ၉

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့ညနေပိုင်းက တာဝန်ရှိသူများနှင့်အတူ ရာဇဌာနီလမ်းမကြီးနှင့် ရာဇသိင်္ဂဟလမ်းမကြီးများသို့ သွားရောက်ပြီး ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လမ်းပိုင်းများ ပြန်လည်ပြုပြင်နေမှုနှင့် နိုင်လွန်ကတ္တရာလမ်း(AC) ခင်းကျင်းနေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လုပ်ငန်းများ အပိုင်းလိုက်အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ အရည်အသွေးပြည့်မီသော လုပ်ငန်းသုံးပစ္စည်းများ အသုံးပြုရေး၊ တာဝန်ခံအင်ဂျင်နီယာများမှ အမြဲမပြတ်ကြပ်မတ်ဆောင်ရွက်ရေး၊ မြေသားသိပ်သည်းမှုရှိအောင် ဆောင်ရွက်ရေးနှင့် လမ်းခင်းကျောက်များအား သတ်မှတ်အရွယ်အစားအတိုင်း အသုံးပြုရေးတို့ကို မှာကြားခဲ့သည်။

ထို့နောက် နေပြည်ဝောာ်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ‌တာဝန်ရှိသူများနှင့်အတူ ဇမ္ဗူသီရိမြို့နယ် ဉာဏသိဒ္ဓိရပ်ကွက်သို့ သွားရောက်၍ နေပြည်တော်ကောင်စီ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်သည့် အမှုထမ်း အိမ်ရာများ ဆောက်လုပ်နေမှုကို ကွင်းဆင်းစစ်ဆေးပြီး ယာယီရှင်းလင်းဆောင်၌ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လုပ်ငန်းဆောင်ရွက်နေသော ကုမ္ပဏီများမှတာဝန်ရှိသူများအား တွေ့ဆုံ၍ ပြုပြင် ရမည့်လုပ်ငန်းများ ပြန်လည်ပြုပြင်ပြီး တည်ဆောက်ရေးလုပ်ငန်းများ အမြန်ပြီးစီးအောင် ဆက်လက်ဆောင်ရွက်သွား‌ရေး၊ ရေရှည်ခိုင်ခံ့မှုရှိအောင် စံချိန်စံညွှန်းနှင့်အညီ ဆောက်လုပ်ရေး၊ လုပ်သားအင်အား တိုးမြှင့်ဆောင်ရွက်ရေး၊ သက်ဆိုင်ရာအင်ဂျင်နီယာများမှ အမြဲမပြတ်ကြပ်မတ်ဆောင်ရွက်ရေး၊ လုပ်ငန်း သုံးပစ္စည်းများအချိန်မီရောက်ရှိရေးတို့ကို မှာကြားခဲ့ပြီး နေပြည်တော်ကောင်စီဝင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဘောဂသိဒ္ဓိရပ်ကွက်သို့သွားရောက်ပြီး လူပျိုဆောင်နှင့် အပျိုဆောင်များ ဆောက်လုပ်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအမြန်ပြီးစီးအောင် ဆောင်ရွက်ရေး မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)