အင်းစိန် ဇွန် ၈
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် စာရေးဆရာအသင်းမှ အသင်းသူအသင်းသားများ၏ သား၊ သမီးများအတွက် ပညာသင်ထောက်ကူပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားကို ဇွန်လ(၇) ရက်နေ့တွင် အင်းစိန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အင်းစိန်မြို့နယ် စာရေးဆရာ အသင်းနာယက ဆရာကြီး ဦးရန်နောင် (ရန်နောင်-ပညာရေး)နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းတို့က အဖွင့်အမှာစကား ပြောကြားခဲ့ကြပြီး အင်းစိန်မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးတော်မြင့် (တော်မြင့်-ငှက်ဖျား)နှင့် အင်းစိန်မြို့နယ် စာရေး ဆရာအသင်း ဒုတိယဥက္ကဋ္ဌ ဆရာမ ဒေါ်ခင်နွဲ့မူ(အင်းစိန်)တို့က ပညာသင်ထောက်ကူ ပစ္စည်းပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြသည်။
ဆက်လက်၍ တာဝန်ရှိသူများက အင်းစိန်မြို့နယ် စာရေးဆရာအသင်းမှ အသင်းသူ၊ အသင်းသားများ၏ ပညာသင်ကြားနေသော ကျောင်းသား၊ကျောင်းသူ (၂၄) ဦးတို့အတွက် ပညာသင်ထောက်ကူပစ္စည်းများကို ပေးအပ်ရာ အင်းစိန်မြို့နယ် စာရေးဆရာအသင်း၏ သားသမီးများနှင့် အသင်းအဖွဲ့ဝင်များက လက်ခံရယူခဲ့ကြသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ ရသ စာအုပ်စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)