ချမ်းအေးသာစံ ဇွန် ၈
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာ ဝန်ကြီးဦးအောင်ကျော်မိုးနှင့် တာဝန်ရှိသူများလိုက်ပါပြီး ဇွန်လ(၈)ရက်နေ့နံနက်ပိုင်းက တံတားဦးမြို့နယ်ရှိ သမိုင်းဝင်မဟာရွှေသာလျောင်း(ပေါင်းလဲကြီး) ဘုရားနှင့် အမရပူရမြို့နယ်ရှိ မဟာဓမ္မရံသီကုန်းတော်မြတ်၌ တည်ထားကိုးကွယ်တော်မူအပ်သော ရတနာပုဏ္ဏ ဝရဒါဌာ ဓာတုစေတီယ စွယ်တော်မြတ် စေတီတော်(မန္တလေး) သို့သွားရောက် ဖူးမြော်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် တံတားမြို့နယ်ရှိ သမိုင်းဝင်မဟာရွှေသာလျောင်း (ပေါင်းလဲကြီး)ဘုရားသို့ရောက်ရှိပြီး မန္တလေးငလျင်ကြီးကြောင့် ပေါင်းလဲကြီးဘုရားဝင်းအတွင်းရှိ ထိခိုက်ပျက်စီးခဲ့သည့် အပျက်အစီးများကို ဖယ်ရှားရှင်းလင်းဆောင်ရွက်ထားရှိမှု၊ စေတီတိုက်မ၏ အရှေ့ဘက်ခြမ်းမှ တွေ့ရှိခဲ့သည့် ပလ္လင်နှင့် တံကဲနှစ်ထပ်၊ သာဝက (၆)ပါး၊ ထီးကိုင်ထားသော ဗြဟ္မာရုပ်တု(၂)ခု၊ ခရုသင်းနှင့် သားမြီးယပ်ကိုင်ထားသော သိကြားရုပ်(၁)ခုတွဲလျက်ပါရှိသည့် ဌာပနာပစ္စည်း ကြေးဆင်းတုတော် (၁)ဆူအား မှတ်တမ်းမှတ်ရာများဖြင့် စနစ်တကျဆောင်ရွက်ထားရှိမှုတို့ကိုလိုက် လံကြည့်ရှုပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ အမရပူရမြို့နယ်ရှိ ရတနာပုဏ္ဏ ဝရဒါဌာ ဓာတုစေတီယ စွယ်တော်မြတ်စေတီတော် (မန္တလေး)သို့ ရောက်ရှိပြီးတိုင်းဒေသကြီး ဝန်ကြီးချုပ်အား စွယ်တော်စေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင် များ၊တာဝန်ရှိသူများက မန္တလေးငလျင်ကြီးကြောင့် စိန်ဖူးတော်၊ ထီးတော်ထိခိုက်ပျက်စီးခဲ့မှု၊ စနစ်တကျသိမ်းဆည်းဆောင်ရွက်ထားရှိမှုနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ရှိသူများအား လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်