ဗဟန်း ဇွန် ၈
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက် (၇:၃၀) နာရီအချိန်တွင် ရန်ကုန်မြို့၊ တာမွေမြို့နယ် ကျိုက္ကဆံကွင်းအတွင်းရှိ ဘောလုံးကွင်း အမှတ်(၁) ၌ Myanmar National League 2025-2026 I.S.P.E FC အမျိုးသားဘောလုံး အသင်းနှင့် Myanmar Women League 2025-2026 I.S.P.E FC အမျိုးသမီးဘောလုံးအသင်းတို့၏ လေ့ကျင့်နေမှုအား ကြည့်ရှုအားပေးပြီး အားကစားသမားများအား အခြေခံနည်းစနစ် ကောင်းမွန်ရန်၊ ခန္ဓာကိုယ်ကျန်းမာ ကြံ့ခိုင်မှုရှိရန်၊ နည်းပြဆရာများ၏ သင်ကြားဆို ဆုံးမမှုများကို လိုက်နာကြရန်၊ မိမိတို့၏အင်အားကို တိကျမှန်ကန်စွာ အသုံးချတတ်ရန်၊ ပြိုင်ပွဲများ၌ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်များကို လိုက်နာကြရန်၊ မိမိအသင်း၌ အသင်းဦးရေအပြည့်ဖြင့် ပြိုင်ပွဲပြီးဆုံးချိန်ထိ ယှဉ်ပြိုင်အောင်မြင်မှု ရရှိအောင် ကြိုးစားကြရန် မှာကြားပြီး နည်းပြနှင့်တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မင်္ဂလာတောင်ညွန့်မြို့နယ်၊ အောင်ဆန်း အားကစားပြိုင်ဝင်းအတွင်းရှိ မိုးလုံလေလုံအားကစားရုံသို့ ရောက်ရှိရာ မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် အမှုဆောင်များက ကြိုဆိုနှုတ်ဆက်ကြပြီး (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် အောင်မြင်မှုဆုတံဆိပ်များ ရရှိအောင် စခန်းသွင်းလေ့ကျင့်နေသော ပဏာမလက်ရွေးစင်ဘော်လီဘော အားကစားသမားများအား နည်းပြများ၏ သင်ကြားပြသမှုများကို လေးစားလိုက်နာ ကြိုးစားကြပြီး အောင်မြင်မှုဆုတံဆိပ်များဖြင့် နိုင်ငံတော်ကို ကျေးဇူးဆပ်စေလိုကြောင်း၊ စိတ်ဓာတ်၊ စည်းကမ်း၊ စွမ်းအားကောင်းပြီး စည်းစည်းလုံးလုံးဖြင့် စံချိန် ၊ စံညွှန်း၊ စံနှုန်းများ ကောင်းအောင်ကြိုးစားကြရန်၊ ဆေးပညာအသိဖြင့် စားသောက်နေထိုင်၍ ကိုယ်ခန္ဓာကျန်းမာကောင်းမွန်အောင် ဂရုစိုက်ကြရန်၊ ကျင့်ဝတ်များကို စောင့်ထိန်းပြီး အောင်မြင်မှုများ ရရှိအောင် ကြိုးစားကြရန် မှာကြားပြီး ပဏာမ လက်ရွေးစင်ဘော်လီဘော အားကစားသမားများ လေ့ကျင့်နေမှုအား ကြည့်ရှုအားပေးပြီး ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ခဲ့ပါသည်။
ယင်းနောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကမာရွတ်မြို့နယ်ရှိ ပန်းဝါဧည့်ရိပ်သာ၌ မြန်မာနိုင်ငံ Teqball အဖွဲ့ချုပ်နှင့် တွေ့ဆုံရာ အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူတို့က (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အောင်မြင်မှုဆုတံဆိပ်များရရှိရန် အတွက် ဆောင်ရွက်နေမှုအခြေအနေများ ၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကျင်းပရေး ကော်မတီနှင့် ချိတ်ဆက်ဆောင်ရွက်နေမှုများ၊ နိုင်ငံခြားနည်းပြငှားရမ်းလေ့ကျင့်ပေးမည့် အစီအစဉ်များ၊ ဖိတ်ခေါ်ပြိုင်ပွဲများနှင့် Joint Training သွားရောက်လေ့ကျင့်မည့်ကိစ္စရပ်များ၊ အားကစားကွင်း၊ ခန်းမနှင့်ရုံးခန်းရရှိရေး ကိစ္စရပ်များအား ဆွေးနွေးတင်ပြရာ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးပြီးနောက် ပြည်ထောင်စုဝန်ကြီးမှ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ ဆုတံဆိပ်များ ရရှိစေရေး ကြိုးစားလေ့ကျင့်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်း အမျိုးသား ရေကူးကန်ဝင်းအတွင်းရှိ မြန်မာနိုင်ငံစားပွဲတင် တင်းနစ်အဖွဲ့ချုပ် လေ့ကျင့်ရေးစခန်းသို့ ရောက်ရှိရာ မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြိုဆိုကြ၍ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင် အောင်မြင်မှုရရှိရေးကိစ္စရပ်များ၊ နေထိုင်စားသောက်ရေး စီစဉ်ထားရှိပေးမှုများ၊ နည်းပြများ၏ သင်ကြားပေးမှုများအား တင်ပြဆွေးနွေးပြီးနောက် ပဏာမလက်ရွေးစင် စားပွဲတင် တင်းနစ် အားကစားသမားများ လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးခဲ့ပြီး အိပ်ဆောင်အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)