မန္တလေးမြို့၊ မဟာမုနိဘုရားကြီးအား စိန်ဖူးတော်အသစ်ကပ်လှူပူဇော်နိုင်ရန်အတွက် ရွှေသား(၃)ပိသာနှင့်ကျောင်းတော်ကြီးတိုင်(၆)တိုင် ပြန်လည်တည်ဆောက်နိုင်ရန် အလှူငွေများလှူဒါန်း

ချမ်းအေးသာစံ ဇွန်

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်  အင်အားအလွန်ပြင်ထန်းသည့် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မဟာမုနိဘုရားကြီးအားနှင့် ဘုရားကြီးဝန်းအတွင်းရှိ သာသနိကအဆောက်အဦများကို ရှေးမူမပျက် ပိုမိုခိုင်ခန့်အောင် ပြန်လည်ပြုပြင်မွမ်းမံခြင်းများ ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်း၊ ပြည်ပ စေတနာအလှူရှင်များက အလှူငွေများ လှူဒါန်းလျက်ရှိသည်။

ထိုသို့ လှူဒါန်းရာ၌ မန္တလေးမြို့မဟာမုနိဘုရားကြီး စိန်ဖူးတော်အသစ် ကပ်လှူပူဇော်နိုင်ရန်အတွက် ရွှေသား(၃)ပိသာအပါအဝင် ကျောင်းတော်ကြီး တိုင်(၆) တိုင် တည်ဆောက်နိုင်ရန်အတွက် အလှူငွေများ လှူဒါန်းခြင်းနှင့် ရေစက်ချမင်္ဂလာအခမ်းအနားကို ဇွန်လ(၇)ရက်နေ့နံနက်ပိုင်းက ကျင်းပရာ မဟာမုနိဘုရားကြီးဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ နိုင်ငံတော်ဩဝါဒါစရိယ၊ မဟာဓမ္မိ ကာရာမမိတ္ထီလာကျောင်း ဆရာတော်၊ အဘိဓဇမဟာရဋ္ဌဂုရုဘဒ္ဒန္တသုဇနပီယ၊ တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ(သုဓမ္မာ) မစိုးရိမ်တိုက်သစ်ဓမ္မဂါရဝကျောင်း ဆရာတော်၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တတိက္ခိန္ဒြိယာဘိဝံသ အမှူးပြီး မဟာမုနိဘုရားကြီးဂေါပအဖွဲ့ ဩဝါဒါစရိယ ဆရာတော်(၁၁)ပါး ကြွရောက်ချီးမြှင့်တော်မူ၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ အလှူရှင် ဒေါက်တာနိုင်ထွဋ်အောင်နှင့်ဇနီး ဒေါက်တာဝေဝေရင် (ကွန်းခိုရာ မိသားစု)၊ ဘုရားကြီးဂေါကပအဖွဲ့ဥက္ကဋ္ဌဦးမြဝင်းနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြည်ညိုကြသည်။

ဦးစွာ နမောတဿ ၃ ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်၍ နိုင်ငံတော်ဩဝါဒါစရိယ၊ မဟာဓမ္မိကာရာမ မိတ္ထီလာကျောင်း ဆရာတော်ထံက ငါးပါးသီလခံယူဆောက်တည်ကြပြီးနောက် မဟာမုနိဘုရားကြီး စိန်ဖူးတော်အသစ် ကပ်လှူပူဇော်နိုင်ရန်အတွက် ရွှေသား(၃)ပိသာ အပါအဝင် ကျောင်းတော်ကြီးတိုင် (၆)တိုင် တည်ဆောက်နိုင်ရန်တို့အတွက် စုစုပေါင်းအလှူငွေကျပ် (၂,၆၀၀,၀၀၀,၀၀၀)သိန်း (ကျပ်သိန်းနှစ်သောင်းခြောက်ထောင်တိတိ)ကို ဒေါက်တာနိုင်ထွဋ်အောင်နှင့် ဇနီးဒေါက်တာဝေဝေရင် (ကွန်းခိုရာမိသားစု)ကလှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များက လက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့သည်၊။

ဆက်လက်၍ ဆရာတော်ကြီးများထံ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများဆက်ကပ်လှူဒါန်း၍ ဆရာတော်ကြီးများထံမှ ပရိတ်တရားတော်များနာယူကြည်ညိုပြီးနောက် မစိုးရိမ်တိုက်သစ် ဓမ္မဂါရဝကျောင်းဆရာတော်ထံက လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီးဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃) ကြိမ်ရွတ်ဆိုကာ အခမ်းအနားကိုရုပ်သိမ်း၍ နေ့ဆွမ်းများ ဆက် ကပ်ခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မဟာမုနိဘုရားကြီးနှင့်အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ခြင်းများအား ရှေးမူမပျက်ပြန်လည် ပြုပြင်ခြင်းလုပ်ငန်းကဏ္ဍများအလိုက် ဆောင်ရွက်နေမှုများကိုလိုက်လံကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်