သဲကုန်း ဇွန် ၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရမှကျင်းပသော ပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာတော်များအား (၂၇) ကြိမ်မြောက် စာအောင်ဆုဆက်ကပ်လှူဒါန်းပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ရပ်ကွက်(၁)၊ သာရမဥ္ဇူသာမိုးကောင်းစေတီတော်မြတ်ကြီး ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ဆင်မြီးဆွဲမြို့၊ မြို့သစ်ကျောင်း ဦးစီးပဓာနဆရာတော် ဦးသြသဓထံမှ ကြွရောက်လာသော ဧည့်ပရိသတ်များက (၅)ပါးသီလ ခံယူဆောက်တည်၍ သဲကုန်းမြို့ ကျောင်းကြီးပရိပတ္တိ စာသင်တိုက် ဦးစီးပဓာနဆရာတော် ဦးဝိသုဒ္ဓက စာအောင်ဆုဆက်ကပ်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍လျှောက်ထားတင်ပြခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဥ်ထွေးက သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြခဲ့ပြီး သဲကုန်းမြို့နယ် သံဃာ့နာယကအဖွဲ့ဝင် ဆရာတော်ဦးနန္ဒောဘာသက ယနေ့ပြုလုပ်ကျင်းပခဲ့သော စာအောင်သံဃာများအား ဂုဏ်ပြုဆုနှင်းသဘင်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ခြင်းအတွက် ကျေးဇူးတင်ဝမ်းမြောက်စကားလျှောက်ထားတင်ပြခဲ့သည်။
ထို့နောက် ၂၀၂၄/၂၀၂၅ ပညာသင်နှစ် ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့သော ဓမ္မစရိယကျမ်းပြီး (၄)ပါး၊ နှစ်ကျမ်းစွဲအောင် (၆)ပါး၊ တစ်ကျမ်းစွဲအောင် (၅)ပါး၊ ပထမလတ် အောင် (၁)ပါး၊ ပထမငယ်အောင် (၇)ပါး၊ အခြေပြုမူလတန်းအောင် (၃၄)ပါး စုစုပေါင်း (၅၇)ပါး တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးယဥ်ထွေးနှင့် တာဝန်ရှိသူများကအောင်လက်မှတ် များနှင့် ဂုဏ်ပြုဆုငွေများ ပူဇော်ဆက်ကပ်ခဲ့သည်။ ဆက်လက်၍ မြို့နယ်သံဃာ့နာယက အဖွဲ့ဝင်ဆရာတော်များ/ကြီးကြပ်ရေးဆရာတော်ကြီးများအားနှင့် သံဃာတော်များအား နဝကမ္မနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှအတမ်းပေးဝေးကာ ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ်ရွတ်ဆို ဆုတောင်းပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)