နေပြည်တော် ဇွန် ၈
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ တပ်ကုန်းမြို့ ဗိုလ်မင်းရောင်ရပ်ကွက် ကွင်းအမှတ် (၁၃၁၉) ရှိတောင်သူဦးတင်ထွန်းအောင်၏ ပေါင်းစည်းလယ်ယာတွင် နွေစပါး အောင်နိုင်တိုးဧက ၂၀ စံပြစိုက်ခင်းသို့ သွားရောက်ပြီး တောင်သူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဦးစွာ တပ်ကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးမှ မြို့နယ်အတွင်း သီးနှံများစိုက်ပျိုးထားရှိမှုအခြေအနေကို ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက သီးနှံများအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ မြို့နယ်အလိုက်၊ ကွင်းအလိုက် အထွက်နှုန်းများအား သုတေသနပြုစုဆောင်ရွက်ရေး၊ မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီ စိုက်ပျိုးဆောင်ရွက်ရေး၊ တောင်သူအသိပညာပေး စင်တာ(KC) များတွင် စဉ်ဆက်မပြက် အသိပညာပေး ဆောင်ရွက်ရေးတို့ကို မှာကြားကာ တောင်သူများအား ရွှေဘိုပေါ်ဆန်း မျိုးကောင်း၊ မျိုးသန့် မျိုးစေ့များ ထောက်ပံ့ပေးအပ်သည်။ ယင်းနောက် တောင်သူဦးတင်ထွန်းအောင်၏ အောင်နိုင်တိုးစပါးများ စိုက်ပျိုးဖြစ်ထွန်းအောင်မြင် နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ယခင်နှစ်နွေစပါးတွင် တောင်သူဦးတင်ထွန်းအောင်မှ ထိုင်းနံကောက် စပါးမျိုးစိုက်ပျိုးခဲ့ရာ တစ်ဧက ၁၇၀ တင်းနှုန်း ထွက်ရှိခဲ့ကြောင်း သိရသည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဗိုလ်မင်းရောင် ရပ်ကွက်ရှိ ဦးမြတ်မင်းအေး၏ နို့စားနွား ၁၇ ကောင်အား ခြံလှောင်စနစ်ဖြင့် မွေးမြူထားရှိမှုကို ကြည့်ရှုအားပေးပြီး နို့စားနွား တိုးချဲ့မွေးမြူနိုင်ရေးနှင့် လိုအပ်သည်များကို သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တပ်ကုန်းမြို့ အောင်ဇေယျရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်ပြီး ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။ အလားတူ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မြို့နယ်အသီးသီးတွင် အခြေခံပညာကျောင်းများ၊ မြို့/ ရွာ များအတွင်း လမ်းမများတွင် အမှိုက်ကင်းစင်ရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူလူထုများမှ စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တပ်ကုန်းမြို့ဗိုလ်မင်းရောင် ရပ်ကွက် ချမ်းမြေ့မြိုင် ရိပ်သာကျောင်းသို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမျှော်ကြည်ညိုကာ နဝကာမအလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ယင်းနောက် ညနေပိုင်းတွင် ပျဉ်းမနားမြို့ ပေါင်းလောင်းအားကစားကွင်း၌ ၂၀၂၅ ခုနှစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၁၈ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ရာ ဥတ္တရသီရိမြို့နယ်အသင်းမှ ပျဉ်းမနားမြို့နယ်အသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။ ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကိုကျင်းပရာ ပြိုင်ပွဲတွင် အကောင်းဆုံးဆုရရှိခဲ့သော အားကစားသမားများအား တာဝန်ရှိသူများမှ ဆုများချီးမြှင့်ပေးအပ်ပြီး တတိယဆုရရှိသော တပ်ကုန်းမြို့နယ်အသင်းမှ အားကစား သမားများအား နေပြည်တော်ကောင်စီဝင် ဦး ဇေယျာလင်းမှ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကိုလည်းကောင်း၊ ဒုတိယဆုရရှိသော ပျဉ်းမနားမြို့နယ်အသင်းမှ အားကစား သမားများအား နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးမှ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကိုလည်းကောင်း၊ ပထမဆုရရှိသော ဥတ္တရသီရိမြို့နယ်အသင်းမှ အားကစားသမားများအား နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးမှ တစ်ဦးချင်း ဆုတံဆိပ်များကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြပြီး ပထမဆုရရှိသော ဥတ္တရသီရိမြို့နယ် အသင်းအား နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ငွေသားဆုနှင့် တံခွန်စိုက် ဆုဖလားကြီးအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)