ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရန်ကုန် ဇွန် ၇

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ မလေးရှားဝိုင်ကျေးရွာအုပ်စု၊ တောင်လှိုင်ရိုးမကြိုးဝိုင်း၊ အကွက်အမှတ်-၁၃၊ မေတ္တာအေးကျေးရွာအနီးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်းနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီးဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက ၂၀၂၁ ခုနှစ်မှစ၍ ယနေ့ထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း တိုင်းဒေသကြီးအဆင့်သစ်ပင်စိုက်ပျိုးပွဲ (၂၁) ကြိမ်၊ စိုက်ပင်ပေါင်း (၄၇၇,၁၁၃) ပင်၊ ခရိုင်၊မြို့နယ်အဆင့်သစ်ပင်စိုက်ပွဲတော် (၁၁၆) ကြိမ်၊စိုက်ပင်ပေါင်း (၁၃၂,၅၁၆)ပင် စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း၊ သစ်ပင်သစ်တောများသည် ကမ္ဘာမြေပေါ်ရှိ သက်ရှိများ ရှင်သန်ရပ်တည် ရေးအတွက် အလွန်အရေးပါပြီး စားရေရိက္ခာဖူလုံရေး၊ ရာသီဥတုမျှတရေး၊ သဘာဝဘေး အန္တရာယ်များ တားဆီးကာကွယ်ရေး၊ ရေနဲ့မြေဆီလွှာထိန်းသိမ်းရေးစသည့် တိုက်ရိုက်အကျိုး ကျေးဇူးများနှင့် ဂေဟစနစ်ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ သစ်ပင်သစ်တောများ စိုက်ပျိုးထိန်းသိမ်းခြင်းဖြင့် ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်း၊ လေပြင်း မုန်တိုင်းတိုက်ခတ်ခြင်း၊ မိုးခေါင်ရေရှားခြင်း၊ ရာသီဥတု ဖောက်ပြန်ပြောင်းလဲခြင်းစသည့် သဘာဝဘေး ဒဏ်များ၏ ကာကွယ်ပေးနိုင်ရေး အကျိုးကျေးဇူးများကို ရရှိနိုင်မှာဖြစ်ပါကြောင်းနှင့် သစ်ပင်သစ်တောများသည် လူအပါအဝင် သက်ရှိသတ္တဝါအားလုံးအတွက် သစ်တောထွက်ပစ္စည်း အမျိုးမျိုးနှင့် ဝန်ဆောင်မှုများ စဉ်ဆက်မပြတ် ပံ့ပိုးပေးလျက်ရှိသည့်အတွက် သစ်ပင်သစ်တော စိုက်ပျိုးထိန်းသိမ်းခြင်းသည် နိုင်ငံ၏ကောင်းမွန်သော အနာဂတ်ကို တည်ဆောက်ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်းနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက စုပေါင်းသစ်ပင်စိုက်ပျိုးကြသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က တိုင်းဒေသကြီး ဌာနဆိုင်ရာများမှ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများက မဟော်ဂနီ (၁၈၀၀)ပင်၊ ပျဉ်းကတိုး (၁၈၀၀) ပင်၊ ပိတောက် (၁၅၈၀) ပင်၊ ပျဉ်းမ (၁၄၀၀)ပင်၊ မန်ဂျန်ရှား(၈၀၀)ပင်နှင့် ခရေ (၂၀၀)ပင် စုစုပေါင်း (၇၅၈၀) ပင်တို့ကို စိုက်ပျိုးနေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)