လယ်ဝေး ဇွန် ၈
နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက လယ်ဝေးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား လာရောက်ကြည့်ရှုစစ်ဆေးကာ ကျောင်းနှင့်ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ ကျောင်းသား/ကျောင်းသူများ စိတ်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေး၊ သွေးလွန်တုပ်ကွေး စသည့် ရောဂါများ မဖြစ်ပွားစေရန် ကြိုတင် ကာကွယ်နိုင်ရေးတို့အတွက် အပတ်စဉ် မပျက်မကွက် ဆောင်ရွက်ရန်မှာကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်၊ မြွေရိုးလေးကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းတွင် Thant Star ကုမ္ပဏီမှ ပေ (၆၀×၃၀) ယာယီကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေး၍ ကျောင်းသား/ကျောင်းသူများ အဆင်ပြေစွာ ပညာသင်ကြားနိုင်ရေးအတွက် အရည်အသွေး ပြည့်မီစွာ အမြန်ဆုံးဆောက်လုပ်ပြီးစီးရေး ဆွေးနွေးမှာကြားသည်
ထို့နောက် နေပြည်တော်ကောင်စီဝင်သည်လယ်ဝေးမြို့ သမိုင်းဝင်ဖောင်တော်ချက်မဘုရားနှင့် ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ရွှေလက်လှဘုရားတို့တွင် ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးမှုအား ပြန်လည်ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးကာ ငလျင်ဘေးသင့် ဘုရား၊ ကျောင်း၊ ကန်၊ သာသနိက အဆောက်အအုံများ ပြန်လည်မွမ်းမံ တည်ဆောက်ရာတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ လုပ်ထုံးလုပ်နည်းများ၊ ငလျင်ပညာရှင်များ၊ အင်ဂျင်နီယာအသင်းပညာရှင်များ၊ သက်ဆိုင်ရာ မြို့နယ်စည်ပင် သာယာရေးကော်မတီတို့၏ စစ်ဆေးအတည်ပြုချက်များနှင့်အညီ မွမ်းမံပြုပြင်တည်ဆောက် ရမည်ဖြစ်ကြောင်း၊ စနစ်တကျ ဖြစ်စေရန်အတွက် ပြုပြင်မွမ်းမံရေးကော်မတီများ ဖွဲ့စည်း၍ ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်သည် ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်၊ သာသနာ့လင်္ကာရဗိဗာန်တွင် သံဃာ ၁၄၉ ပါးနှင့် သီလရှင် ၁၂ပါး စုစုပေါင်း ၁၆၁ ပါး ပါဠိပထမပြန် စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည်ညို၍ အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)