မြစ်ကြီးနား ဇွန် ၇
ကချင်ပြည်နယ်၊ ပူတာာအိုခရိုင်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဘေးသင့် ပြည်သူများအား ကူညီထောက်ပံ့မှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး၊ ဒေသတွင်း စားရေရိက္ခာဖူလုံရေးအတွက် ပူတာအိုမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ မချမ်းဘောမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဇွန် ၆ ရက်က ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် စစ်ဗျူဟာအဖွဲ့ (အခြေချ) ပူတာအို၊ စစ်ဗျူဟာမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန် ရှိသူများနှင့်အတူ ရှေးဦးစွာ မချမ်းဘောမြို့နယ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် ကောင်းမှုလုံ စေတီတော်သို့ သွားရောက်ပြီး စေတီတော်အား ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော် ဖူးမျှော်ကြည် ညိုခဲ့ကြကာ စေတီတော်ကြီး၏ ဧည့်သည်တော် မှတ်တမ်း၌ လက်မှတ်ရေးထိုးခဲ့ပြီး စေတီတော် ဘက်စုံပြုပြင်မွမ်းမံနိုင်ရေး နဝကမအလှူငွေများကိုပေးအပ်လှူဒါန်းခဲ့သည်။
ထို့နောက် ခန်ဂျိုကျေးရွာသို့ ရောက်ရှိပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ်သိန်း ၂၀ ရင်းနှီးမတည်ပေးမှုဖြင့် အကျိုးဖြစ်ထွန်းအောင်မြင်လျက်ရှိသော ပိုင်ရှင်ဒေါ် အင်ခရီးယွန်ဂျီ၏ နေအိမ်ခြံဝင်းအတွင်းနှင့် ပိုင်ရှင်ဦးဖားအောင်၏ နေအိမ်ခြံဝင်းများအတွင်း ဒေသဝက်များ မွေးမြူ ထားရှိမှု အခြေအနေများနှင့် မိသားစု စားသောက်ရေးအတွက် တစ်ပိုင်တစ်နိုင် မုန်ညှင်းဆီကြိတ် စက်ဖြင့် ကြိတ်ခွဲလည်ပတ်ထုတ်လုပ်နေမှုနှင့် ခြံဝင်းမြေကွကပ်များတွင် စီးပွားဖြစ် ဟင်းသီးဟင်း ရွက်စိုက်ပျိုးနိုင်မှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဝက်မွေးမြူရေးလုပ်ငန်းများ တိုးတက် မွေးမြူနိုင်ရေးနှင့် ရန်ပုံငွေများ တိုးမြှင့်ချထားပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ မွေးမြူရေးအထောက်အကူပြူဆေးဝါးပစ္စည်းများကို ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နမ့်ခမ်းကျေးရွာသို့ သွားရောက် ခဲ့ကြပြီး အဆိုပါကျေးရွာအတွင်း မွေးမြူရေးတောင်သူ ၁၃ ဦးတို့ အစုအဖွဲ့တို့အား နိုင်ငံ့စီးပွားမြှင့် တင်ရေး ရန်ပုံငွေကျပ်သိန်း ၁၀၀ ရင်းနှီးမတည်ပေးမှုဖြင့် ငါးမွေးမြူရေးကန်များ၌ စီးပွားဖြစ် ငါးသားပေါက်များနှင့် ဒေသငါးများ စိုက်ထည့်မွေးမြူထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် အင်ဘူးဘော့ကျေးရွာအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ်သိန်း ၁၅၀ မတည်ပေးမှုဖြင့် တောင်သူ ဦးဇော်တောင်၏ ခြံဝင်းအတွင်း ဒေသတွင်းနှစ်ရှည်သီးနှံဖြစ်သည့် ဂရိတ်ဖုသီးပင်များ စိုက်ပျိုးထားရှိမှုအခြေအနေများနှင့် ကျေးရွာအတွင်း စိုက်ပျိုးရေးလုပ်ငန်း အတွက် စိုက်ပျိုးရေရရှိအောင် ဆောင်ရွက်ပေးရေး၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ် ချက်များ တင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် မချမ်းဘောမြို့ အမှတ်(၃) ရပ်ကွက်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ကျပ်သိန်း (၁၀၀) ရင်းနှီးမတည်ပေးမှုဖြင့် ပိုင်ရှင် ဦးမရိန်ဖီ၏ ခြံ၌ အလေချီ(ခေါ်) ချဉ်ပေါင်ဖာလာ စိုက်ပျိုးရေးခြံအတွင်း အဆိုပါ အလေချီသီးနှံ စိုက်ခင်းအပြင် နာနတ်သီး၊ ပီလောပီနန် စသည့် သီးနှံများ စိုက်ပျိုးထားရှိမှုနှင့် စိုက်ပျိုးရေးလုပ်ငန်းအပြင် ဒေသကြက်နှင့် ဆိတ်မွေးမြူရေး လုပ်ငန်း ပါတွဲဖက်၍ တိုးချဲ့ဆောင်ရွက်လာနိုင်ခဲ့မှုကို ခြံဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး နည်းစနစ်ကျ စိုက်ပျိုးမွေးမြူနိုင်ရေးနှင့် လုပ်ငန်းတိုးချဲ့ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည် များကို ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ခရိုင်ဘောလုံးကွင်းအတွင်း လီဆူ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှု အနေဖြင့် လယ်မယ်ဝါဂျီအသင်းနှင့် လေယာဉ်ကွင်းအသင်းတို့၏ ချစ်ကြည်ရေးခြေစမ်းကစားပွဲသို့ တက်ရောက် အားပေးခဲ့ကြရာ အခြေခံပညာကျောင်းသား/ ကျောင်းသူများ၏ ဘင်ခရာအဖွဲ့၏ ဖျော်ဖြေတင်ဆက်မှုနှင့် Fitness Dance ဖြင့် ဖျော်ဖြေတင်ဆက်မှုတို့ကို ကြည့်ရှုအားပေးခဲ့ ကြသည်။
ဆက်လက်၍ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲအဖြစ် လယ်မယ်ဝါဂျီအသင်းနှင့် လေယာဉ် ကွင်းအသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြရာ လေယာဉ်ကွင်းအသင်းက ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိရာ ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက ဘောလုံးအသင်းနှစ်သင်းအတွက် တစ်သင်းလျှင် ၁၀ သိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ်သိန်း ၂၀ ကို လည်းကောင်း၊ ဘင်ခရာအဖွဲ့၊ ဒိုင်အဖွဲ့နှင့် Fitness Dance အဖွဲ့တို့အတွက် ချီးမြှင့်ငွေများကို လည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြို့မရပ်ကွက် နမ်ထွမ်ချောင်း ရေတိုက်စားမှုကြောင့် ယာယီရေထိန်းနံရံတည်ဆောက်နိုင်ရေး ရပ်ကွက်သူ/ ရပ်ကွက်သားများက ဝါးဖြင့် ပြင်ဆင်ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြကာ ယာယီတည် ဆောက်မှုအတွက် လိုအပ်သည်များကို ဖြည့်ဆည်းပေးနိုင်ရေးနှင့် ကျောက်စီမြေထိန်းနံရံတည် ဆောက် နိုင်ရေးအတွက် အမြန်ဆုံးတွက်ချက်တင်ပြနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်၏ အနီးကပ် ကြီးကြပ်စီစဉ်မှုဖြင့် နောင်မွန်နှင့် ခေါင်လန်ဖူး မြို့နယ်များရှိ ရေဘေးသင့်ပြည်သူများအား ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မိသားစုများက ပေးပို့လှူဒါန်းလာသော ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ မုန့်မျိုးစုံနှင့် အသင့်စား စားသောက်ဖွယ်ရာ များအား ပူတာအိုမြို့မှ ဇွန်လ ၅ ရက်နေ့မှ မော်တော်ယာဉ်များဖြင့် ပူတာအို -မချမ်းဘော- မဂွေဇ-ရပ်ဘော့-နောင်မွန်လမ်းအတိုင်း သွားရောက်ခဲ့ကြပြီး မဂွေဇမှတစ်ဆင့် မဂွေဇ-ရီဒမ်း-ခေါင်လန် ဖူးလမ်းအတိုင်း ရီဒမ်းကျေးရွာသို့ လည်းကောင်း၊ ရပ်ဘော့မှတစ်ဆင့် ပန်နန်းဒင်လမ်းအတိုင်း ပန်နန်းဒင်မြို့သို့ လည်းကောင်း အဆိုပါ ဒေသများသို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ထောက်ပံ့ပေးအပ်မှုများဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်