စစ်တွေ ဇွန် ၇
စစ်တွေမြို့၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်ပိုင်းက စစ်တွေတက္ကသိုလ်ကျောင်းဝင်းအတွင်းတွင် ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်များနှင့် ပါမောက္ခ၊ ဌာနမှူးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ပြည်သူလူထုနိုးကြားတက်ကြွစွာ ပူးပေါင်းပါဝင်မှုနှင့် သစ်တောသယံဇာတများရေရှည် တည်တံ့စေရန်၊ မြို့ပြများစိမ်းလန်းစိုပြည် သန့်ရှင်းသာယာလှပစေရန်၊ ပြည်သူများကျန်းမာပျော်ရွှင်ရေးအတွက် အပန်းဖြေနားနေစရာများ ဖွံ့ဖြိုးလာစေရန်နှင့် သစ်တောဂေဟစနစ်များ၊ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းနိုင်ရန်ရည်ရွယ်ပြီး ကျင်းပခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအပါအဝင် သစ်တောကြွယ်ဝသည့် ဖွံ့ဖြိုးဆဲနိုင်ငံများမှာ လက်ရှိကြုံတွေ့နေရသော သစ်တောပြုန်းတီးမှုဖြစ်စဉ်များကို လေ့လာကြည့်မည်ဆိုလျင် သစ်တောများကို စည်းမဲ့ကမ်းမဲ့အလွန်အကျွံခုတ်ထွင် ရှင်းလင်းခြင်း၊ ရွှေ့ပြောင်းတောင်ယာများ စိုက်ပျိုးခြင်း၊ ထင်းနှင့်မီသွေးအလွန်အကျွံထုတ်လုပ်ခြင်း၊ တောမီးလောင်ကျွမ်းခြင်း၊ တောရိုင်းတိရစ္ဆာန်များ၏ နေရင်းဒေသများကို ကျူးကျော်ချဲ့ထွင်ပြီး မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ခြင်း၊ စိုက်ပျိုးမြေများ အလွန်အကျွံချဲ့ထွင်ခြင်းများကြောင့် သစ်တောမြေမှအခြားမြေအသုံးချမှုသို့ ပြောင်းလဲခြင်းဖြစ်ပေါ်စေပြီး သဘာဝသစ်တောဂေဟစနစ်များ တစ်နေ့ထက်တစ်နေ့ ပျက်စီးယိုယွင်း လာနေသည်ကို ထင်ထင်ရှားရှားတွေ့ရမည် ဖြစ်ကြောင်း၊ သစ်တောများပြုန်းတီးလာမှုကြောင့် လူသားများအသက်ရှင် ရပ်တည်ရေးအတွက် ကြီးမားသည့်ခြိမ်းခြောက်မှုများဖြစ်သော ရာသီဥတုဆိုးရွားစွာပြောင်းလဲ ဖောက်ပြန်လာခြင်း၊ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခြင်း၊ မြေဆီလွှာများပြုန်းတီးခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲများလျော့နည်း ပျောက်ဆုံးခြင်း စသည့်နောက်ဆက်တွဲဆိုးကျိုးများကို ကြုံတွေ့နေရကြောင်း၊ ထို့ကြောင့် သစ်တောပြုန်းတီးမှုလျှော့ချရပ်ဆိုင်းနိုင်ရန်၊ တည်ရှိနေသည့်သဘာဝတောများ ထိန်းသိမ်းရန်၊ သစ်တောများ ပြန်လည်ထူထောင်ရန်၊ သစ်တောမြေအသုံးချမှုများ မပြောင်းလဲစေရန်အတွက် သစ်တောမူဝါဒများနှင့် အညီသက်ဆိုင်ရာဌာနများ၊ လူမှုအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများအားလုံးက ပူးပေါင်းဆောင်ရွက် ပေးကြရမည်ဖြစ်ကြောင်း၊ သစ်တောသစ်ပင်များမပျက်စီးရေး၊ သစ်တောများ ရှင်သန်နိုင်ရေး လုပ်ဆောင်ပေးရမည်ဆိုသည့်အသိဖြင့် ပြန်လည်စိုက်ပျိုးခြင်း၊ ပြုစုစောင့်ရှောက်ကာကွယ်ပေးခြင်းသည် နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့် လုပ်ငန်းဖြစ်ခြင်းကြောင့် အမျိုးသားအဆင့် လုပ်ငန်းစဉ်တစ်ရပ်အဖြစ် အားစိုက်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အလားတူ စိုက်ပျိုးပြီးသစ်ပင်များ ရှင်သန်အောင်မြင်အောင် ပြုစုထိန်းသိမ်းသွားကြရန်လည်း အလေးအနက်ထား ပြောကြားလိုကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍဖွံ့ဖြိုးရေးအတွက် မြေပေါ်မြေအောက် သဘာဝသယံဇာတများ ထုတ်ယူသုံးစွဲမှုများကိုလျှော့ချပြီး နောင်အနာဂါတ် မျိုးဆက်များတိုင်အောင် သယံဇာတများ ထိန်းသိမ်းအသုံးပြုနိုင်ရေး၊ ရာသီဥတု ပြောင်းလဲဖောက်ပြန်မှု လျှော့ချရေးနှင့် ပြန်လည်မျှတလာစေရေး၊ နိုင်ငံပိုင်သစ်တောများရေရှည် တည်တံ့စေရေး၊ မြို့ပြသစ်တောများနှင့် ကျေးရွာပိုင်ထင်းစိုက်ခင်းများ တည်ထောင်ရေး၊ ပင်လယ်ကမ်း ခြေဒေသရှိဒီရေတောများ ထာဝစဉ်ဖွံ့ဖြိုးတိုးတက်စေရေး၊ မြစ်ချောင်းနှင့်ဆည်တာတမံများရေရှည် ထိန်းသိမ်းအသုံးပြုနိုင်ရေးအတွက် ရေဝေရေလဲသစ်တောများ တည်ထောင်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်အစိုးရအဖွဲ့နှင့်အတူ တိုင်းရင်းသားပြည်သူများ၊ မျိုးဆက်သစ်လူငယ်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများက ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက ဌာနဆိုင်ရာများအား စိုက်ပျိုးမည့်ပျိုးပင်များကို ပေးအပ်ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက သစ်ပိတောက်၊ တမလန်း၊ ပျဉ်းကတိုးနှင့် ခရေပင်များကို စိုက်ပျိုးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက သစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
စစ်တွေမြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် သစ်ပိတောက်၊ တမလန်း၊ ပျဉ်းကတိုး၊ ခရေ၊ ရေသင်းဝင်၊ အင်ကြင်း၊ စသည့် သစ်ပင်ပေါင်း ၁၀၅၀ ပင်အားစိုက်ပျိုးခဲ့ကြကြောင်းသတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)