မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲ ပြုလုပ်

ဝါးခယ်မ ဇွန် ၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ဦးကြီးတော်ကျေးရွာအုပ်စု၊ တောင်သူ ဦးတင်စိန်၏ ဦးပိုင် ၄၆၊ ကွင်းအမှတ် ၉၃၉၊ ဧရိယာ ၂ ဧက ရှိလယ်မြေပေါ်တွင် မျိုးစေ့ချ ကိရိယာ  (Drum Seeder) ဖြင့် မိုးစပါး မျိုးစေ့ချ စိုက်ပျိုးခြင်းအား ဆောင်ရွက်ခဲ့သည်။

ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးစွမ်းထက်က ကျေးရွာရှိ တောင်သူလယ်သမားများနှင့်တွေ့ဆုံကာ ပြည်တွင်း စားနပ်ရိက္ခာ ပြည့်စုံဖူလုံရေးနှင့် ပြည်ပတင်ပို့မှုတို့အတွက် လျာထားချက်ပြည့်မီကျော်လွန်စေရန် ပန်းတိုင်အထွက် နှုန်း စပါးတင်း ၁၀၀နှင့်အထက်ထွက်ရှိအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး မျိုးစေ့ချကိရိယာ  (Drum Seeder) ဖြင့် မိုးစပါး မျိုးစေ့ချ သရုပ်ပြခြင်းအား ကြည့်ရှု့ အားပေးခဲ့ကြသည်။

မျိုးစေ့ချကိရိယာ (Drum Seeder) ကို အသုံးပြုခြင်းဖြင့် မျိုးစေ့နှုန်း သက်သာစေခြင်း၊ ရေလိုအပ်မှု နည်းခြင်း၊ ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေးများ ဖြန်းရာတွင် လွယ်ကူခြင်းနှင့် အပင်ပြုစု စောင့်ရှောက်ရေးလုပ်ငန်းများ လွယ်ကူစေ၍ သီးနှံအရည်အသွေးနှင့် အထွက်နှုန်းများ ကောင်းမွန်ကာ ဈေးကွက်ရရှိပြီး ပြည်ပသို့တင်ပို့ ရောင်းချနိုင်သည့်အတွက် တောင်သူများ၏တစ်ဦးချင်း ဝင်ငွေများတိုးပွားလာကာ လူမှုစီးပွာဘဝ မြင့်မားလာမည်ဖြစ်ကြောင်း သိရသည်။

လွှမ်းသီဟ (ဝါးခယ်မ)