လယ်ဝေး ဇွန် ၇
နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်၊ ကြောင်ရေကျေးရွာ KC တွင်၂၀၂၅-၂၀၂၆ မိုးစပါးပေါ်ဆန်းမွှေးမျိုးစပါးနှင့် သွင်းအားစုများပေးအပ်ပွဲသို့ တက်ရောက်သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ ရည်မှန်းချက်ဖြစ်သည့် ကျေးလက်နေတောင်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ အသုံးပြုနေသည့် မျိုး၊ မြေ၊ ရေ၊ နည်းစနစ်များ အားတွင်ကျယ်စွာ သိရှိနားလည်စေရန် အသိပညာပေးစင်တာများ၌ စဉ်ဆက်မပြတ် ဆောင်ရွက်နေပါကြောင်း၊ ခေတ်မီဆန်းသစ်သည့် နည်းစနစ်များဖြင့် တီထွင်ထားသည့် မျိုးကောင်းမျိုးသန့်များအား ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ သီးနှံများစိုက်ပျိုးရန်မြေကို ကောင်းမွန်စွာ ပြင်ဆင်ထားနိုင်ရေး၊ ရေရရှိရေးအတွက်ဆည်ရေ၊ မြေအောက်ရေ၊ ဆိုလာရေ တင်စနစ်စသည့် နည်းစနစ်များကို အချိန်မီရရှိရေး ကြိုတင်ဆောင်ရွက်ထားရှိရေး၊ စိုက်ပျိုးရေးနှင့်သက်ဆိုင်ရာ သုတေသန ဌာနများမှ စိုက်ပျိုးနည်း၊ မြေပြင်နည်းစနစ်များ အသိပညာပေးဆွေးနွေးလျက်ရှိပါကြောင်း၊ မိမိတို့ဝန်းကျင်တွင်ရှိသော သဘာဝမြေဩ ဇာများအား အသုံးချ၍လည်းကောင်း တောင်သူများ အနေဖြင့် မျိုး၊ မြေ၊ ရေ၊ နည်း စသည့်အချက် ၄ ချက်ပြည့်စုံကာ ပန်းတိုင်အထွက်နှုန်း ထွက်ရှိအောင် စိုက်ပျိုးနိုင်ပြီး သီးထပ်၊ သီးညှပ်စသည့် Cropping Pattern ဖြင့် သုံးရာသီ အပြည့်စိုက်ပျိုးနိုင်စေရန် လာရောက်ဟောပြောဆွေးနွေးခြင်းဖြစ်ကြောင်း၊ ယနေ့ပေးအပ်ပွဲတွင် ပေါ်ဆန်းမွှေးနှင့် အောင်နိုင်တိုးစပါး စိုက်ပျိုးမည့်တောင်သူများအား တစ်ဧကလျှင် ပမျိုးစပါးတစ်အိတ် ပေးအပ်ပြီး သွင်းအားစုများအားသက်သာသည့် နှုန်းထားဖြင့် ရောင်းချ ပေးမည်ဖြစ်၍ တောင်သူများ အနေဖြင့် မျိုး၊ မြေ၊ ရေ၊ နည်းစနစ်များပြည့်စုံစေရန် သက်ဆိုင် ရာဌာနများနှင့်ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းပါကြောင်းစသည်ဖြင့် ပြောကြားသည်။
ထို့နောက် ကြောင်ရေကျေးရွာ၊ ကွင်းအမှတ် ၁၇၉၃ ၊ တောင်သူဦးမောင်မောင်သောင်း ၏ လယ်မြေ ၅ ဧကတွင် ပေါင်ကြီးတင်စနစ်ဖြင့်စိုက်ပျိုးထားသည့် နွေနှမ်းသီးနှံ (မကွေးနှမ်းနီ) များဖြစ်ထွန်းနေမှုကို ကြည့်ရှုအားပေးသည်။ ဆက်လက်၍ နေပြည်တော် ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် လယ်ဝေးမြို့မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ လယ်ဝေး ခရိုင်ဘဏ်ခွဲတွင် ပြောင်ခေါင်းကြီးကျေးရွာအုပ်စုမှ တောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ် ထုတ်ချေးနေမှုကို ကြည့်ရှုအားပေးကာ တောင်သူများထံသို့ မိုးစပါးစိုက်ပျိုးစရိတ်များ ပေးအပ်ခဲ့သည်။
လယ်ဝေးမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ပြောင်ခေါင်းကြီးကျေးရွာအုပ်စုရှိ တောင်သူ ၁၉၄ ဦး၏ စိုက်ဧက ၆၈၂ဧကအတွက် ချေးငွေကျပ် ၁၀၂ဒသမ၃၀၀ သန်း ထုတ်ချေးမည်ဖြစ်ပြီး လယ်ဝေးမြို့နယ်အတွင်းရှိ တောင်သူလယ်သမားများအား ငွေကျပ် ၆၃၇၃ဒသမ၅၀၀ သန်းထုတ်ချေးရန် လျာထားကြောင်း သိရသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်သည် ဇဗ္ဗူသီရိမြိုနယ်၊ မဟာဝိဇိတာရုံဘုန်းကြီး ကျောင်းတွင် ပါဠိပထမပြန်စာမေးပွဲ၌သံဃာ ၈၈ပါးနှင့် လူပုဂ္ဂိုလ်တစ်ဦး ဖြေဆိုနေမှုအား သွားရောက်ကြည်ညို၍လှူဖွယ်ပစ္စည်းနှင့်နဝကမ္မအလှူငွေများလှူဒါန်းခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)