နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားနှင့် စက်မှုဇုန် ဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းဆွေးနွေးပွဲတက်ရောက်၊ ငလျင်ဘေးပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

နေပြည်တော် ဇွန် ၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့အတွက် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်  ဒက္ခိဏသီရိမြို့နယ်၊ မြတ်မင်္ဂလာလမ်းဘေးစိမ်းလန်းမြေနေရာ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင် သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ ဌာနကြီးမှူးများနှင့် နေပြည်တော်စည်ပင် သာယာရေးကော်မတီမှ ဝန်ထမ်းများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးက ပိတောက်ပင်ကို စတင်စိုက်ပျိုးပေးပြီးဆက်လက်၍ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊   ကော်မတီဝင်များ၊ တက်ရောက်လာကြသူများမှ သတ်မှတ်နေရာများတွင် စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် ပိတောက်၊ ခရေ၊ စိန်ပန်း၊ ပျဉ်းမ၊ တမာ၊ ဒန့်သလွန်၊ မန်ကျည်း အစရှိသည့် အပင်(၁၀၅၄)ပင်ကို စိုက်ပျိုးခဲ့ကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇမ္ဗူသီရိမြို့နယ်၊ ဓနသိဒ္ဓိရပ် ကွက်တွင် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်မည့် မြေနေရာအား သွားရောက် ကြည့်ရှစစ်ဆေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၁)သို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအား  ပြန်လည်ပြုပြင်‌ နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လုပ်ငန်းများအပိုင်းလိုက် အမြန်ပြီးစီးအောင် ဆောင်ရွက်ရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ဆယ်တင်ပစ္စည်းများအား စနစ်တကျပြန်လည်အသုံးပြုရေး၊ သက်ဆိုင်ရာတာဝန်ခံအင်ဂျင်နီယာများမှ စနစ်တကျကြပ်မတ်ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည်  ရန်အောင်မြင်ဆည်သို့ သွားရောက်၍ ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ပင်မတမံနှင့် ကုန်း‌ကျောတမံများ ပြန်လည်ပြုပြင်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းအမြန်ပြီးစီးအောင် စက်ယန္တရားနှင့် လူအင်အားများတိုးမြှင့်ဆောင်ရွက်ရေး၊ ကျောက်နှင့်လုပ်ငန်းသုံး ပစ္စည်းများအမြန်ရရှိရေး၊ ဆည်နှင့်လမ်းမကြား သန်ရှင်းသာယာလှပရေးအတွက် ပန်းခြံဆောင်ရွက်ထားရှိရေးတို့ကို တာဝန်ရှိသူများအားမှာကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဒက္ခိဏသီရိမြို့နယ်၊ အသေးစားနှင့် အလတ်စား စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံးရှေ့၌ ကျင်းပပြုလုပ်သည့် ဒက္ခိဏသီရိမြို့နယ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို တက်ရောက်သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ခရေပင်ကို ဦးစွာစိုက်ပျိုးပေးပြီး တက်ရောက် လာကြသည့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပြည်သူများမှ တမာ၊ ပိတောက်၊ ခရေ၊ အောင်သပြေနှင့် သရက်စုစုပေါင်းအပင် (၅၀၀) အား စိုက်ပျိုးခဲ့ကြသည်။

ဆက်လက်၍ ဒက္ခိဏသီရိမြို့နယ်၊ အသေးစားနှင့်အလတ်စား စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံး ခန်းမတွင် စက်မှုဇုန်ဥပဒေ၊ နည်းဥပဒေပါပြဌာန်းချက်များနှင့်ရှေ့ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပွဲ အားကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာ စက်မှုလုပ်ငန်းရှင်များအား စက်မှုဇုန်ဥပဒေ၊ နည်းဥပဒေများနှင့် ပက်သတ်၍ အသိပညာပေးရှင်းလင်းခြင်းနှင့် အပြန်အလှန် ထိတွေ့ဆွေးနွေးလိုခြင်းအတွက်ဖြစ်ကြောင်း၊ ဒက္ခိဏသီရိစက်မှုဇုန်အား စက်မှုဇုန်ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုကြောင်း၊ နေပြည်တော်တွင် သွင်းကုန်အစားထိုး ထုတ်ကုန်များ၊ နည်းပညာမြင့် စက်မှုထုန်ကုန်များနှင့် လျှပ်စစ်ပစ္စည်း ထုတ်လုပ်မှုအပိုင်းတွင် ရင်းနှီးမြုပ်နှံမှုများ ဖိတ်ခေါ်ဆောင်ရွက်ရန်လိုကြောင်း၊ စက်မှုဇုန်များနှင့်ပတ်သက်၍ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ သတ်မှတ်ချက်များ၊ ရေအသုံးချမှုသတ်မှတ်ချက်များ၊ မီးဘေးအန္တရာယ် ကာကွယ်မှုစနစ်များ၊ အမှိုက်နှင့် ရေဆိုးစွန့်ပစ် မှုစနစ်များကို ဝိုင်းဝန်းဖြည့်ဆည်း ဆောင်ရွက်သွားကြရန် လိုကြောင်းပြောကြားသည်။

ထို့နောက် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်မှ အမှာစကားပြောကြားပြီး တာဝန်ရှိသူများမှ စက်မှုဇုန်ဥပဒေ၊ နည်းဥပဒေများအား ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် နေပြည်တော်ကောင်စီနယ်မြေ MSME ထုတ်ကုန်များနှင့် ဒက္ခိဏသီရိစက်မှုဇုန် ထုတ်ကုန်များ ခင်းကျင်းပြသထားရှိမှုကို လှည့်လည် ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)