ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့နယ် မှန်စီကျေးရွာရှိ စီမံခန့်ခွဲမှုအဖွဲ့ရုံး အန္တရာယ်ကင်းပရိတ်တရားရွတ်ဖတ်ပူဇော်ပွဲ၊ ကိုးရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသော ဆန်ရိက္ခာများထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားတက်ရောက်

စစ်တွေ   ဇွန်   ၇

စစ်တွေမြို့နယ် မှန်စီကျေးရွာရှိ စီမံခန့်ခွဲမှုအဖွဲ့ရုံး အန္တရာယ်ကင်းပရိတ်တရား ရွတ်ဖတ် ပူဇော်ပွဲ၊ မှန်စီကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများနှင့် IDP စခန်းများမှ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် ရန်ကုန်တိုင်းဒေသကြီးမှ လွှဲပြောင်းပေးပို့လာသည့် ပြစ်ဒဏ်မှ လွတ်မြောက်လာသူများအား APTERR အစီအစဉ်ဖြင့် ကိုးရီးယားသမ္မတနိုင်ငံက လှူဒါန်းသော ဆန်ရိက္ခာများထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါရုံး၌ကျင်းပရာ သံဃာတော်အရှင်သူမြတ်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြစ်ဒဏ်မှ လွတ်မြောက်လာသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ စီမံခန့်ခွဲမှုအဖွဲ့ရုံး အန္တရာယ်ကင်းပရိတ်တရား ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ကြွရောက်တော်မူကြသော သံဃာတော်အရှင်သူမြတ်များနှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း အမှူးပြုသောဧည့်ပရိတ်သတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ် ကြပြီး စစ်တွေမြို့၊ ကြွဖြူကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တတေဇဝန္တမဟာ ထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ဆက်လက်၍ သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုများဆက်ကပ် လှူဒါန်းကြသည်။

ယင်းနောက် စစ်တွေမြို့၊ ပညာလင်္ကာရကျောင်း တိုက်ပဓာနနာယက၊အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတဘဒ္ဒန္တနာဂိန္ဒ မဟာထေမြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ် များက အနုမောဒနာတရားနာကြားကြကာ လှူဒါန်းမှုအစုစု အတွက်ရေစက်သွန်းချအမှျပေးဝေ ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါရုံး၌ ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် စစ်တွေမြို့၊ ခုတင်(၅၀၀) ဆံ့အထွေထွေရောဂါကု ဆေးရုံးကြီးမှ ဆေးရုံအုပ်ကြီးတို့ ဦးဆောင်ပြီး ဆရာဝန်၊ သူနာပြုများက မှန်စီကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများနှင့် IDP စခန်းများမှ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေခြင်းကို လှည့်လည်ကြည့်ရှု အားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေး ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါရုံး၌ ရန်ကုန်တိုင်းဒေသကြီးမှ လွှဲပြောင်းပေး ပို့လာသည့် ပြစ်ဒဏ်မှလွတ်မြောက်လာသူများအား APTERR အစီအစဉ်ဖြင့် ကိုးရီးယားသမ္မတနိုင်ငံက လှူဒါန်းသော ဆန်ရိက္ခာများထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို တက်ရောက်ကြသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လွတ်ငြိမ်းချမ်း သာခွင့်ဖြင့် ပြစ်ဒဏ်မှ လွတ်ရက်စေ့၍ လွတ်မြောက်လာသူများအား ယခင်က ကုန်းလမ်းမှတစ်ဆင့် ပို့ဆောင်လွှဲပြောင်းပေးလျက်ရှိကြောင်း၊ သို့သော်လည်း ပြည်နယ်၏ နယ်မြေအခြေအနေအရ နေရပ်သို့ပြန်လည်ပို့ဆောင်ရာတွင် ရေလမ်းကြောင်းကို အသုံးပြု၍ သက်ဆိုင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် သက်ဆိုင်ရာဌာနများမှ ဦးစီးမှူးများထံ စနစ် တကျလွှဲပြောင်း ပေးခဲ့ကြောင်း၊ ထိုမှတစ်ဆင့်သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး များ၏ အကူအညီဖြင့် ၎င်းတို့၏မိဘဆွေမျိုးများထံ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း၊ စစ်တွေမြို့နယ်မှ လွတ်မြောက်လာသူများအား မိဘဆွေမျိုးများထံ အပ်နှံလွှဲပြောင်းခဲ့သော်လည်း နယ်မြေအခြေ အနေအရာ အခြားမြို့နယ်များမှ ၎င်းတို့၏နေရပ်အား ပြန်လည်ပေးပို့ရန် အခက် အခဲရှိနေသောကြောင့် စစ်တွေမြို့ရှိ IDPစခန်းများ၌ ခွဲဝေနေရာချထားခဲ့ကြောင်း၊ ရိက္ခာဆန်၊ မိုးကာတဲ၊ Jerry Can များထောက်ပံ့ပေးထားခဲ့ကြောင်း၊ ယခုအခမ်းအနားတွင် ပြစ်ဒဏ်မှ လွတ်မြောက်လာသူများအား APTERR အစီအစဉ်ဖြင့် ကိုးရီးယားသမ္မတနိုင်ငံက လှူဒါန်းသော ဆန်ရိက္ခာ(၁၉ ပြည်ပါ) ဆန်အိတ် (၃၂၈)အိတ်အား ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း၊ အလားတူ IDP စခန်းများတွင် နေထိုင်ကြသူ များအနေဖြင့် လိုအပ်ချက်များရှိ လာပါက မှန်စီကျေးရွာ၌ ဖွင့်လှစ်ထားသည့် စီမံခန့်ခွဲမှုအဖွဲ့ရုံးမှ တာဝန်ခံများနှင့်ဆက်သွယ်ကာ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ ထို့အတူ မှန်စီကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများတွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို တိုးချဲ့စိုက်ပျိုးလုပ်ဆောင်သွားကြရန်နှင့် လိုအပ်သည်များရှိပါကလည်း တင်ပြပေးကြရန်နှင့်ပြစ်ဒဏ် လွတ်မြောက်လာသူများအနေဖြင့်လည်း နယ်မြေတည်ငြိမ်အေး ချမ်းလာ သည့်အခါ နေရပ်ဒေသ အသီးသီးသို့ စနစ်တကျလွှဲပြောင်းပေး ပို့သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြစ်ဒဏ်မှ လွတ်မြောက် လာသူများအား ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ကြပြီး အခမ်းအနားတက်ရောက် လာကြသူများကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကြသည်။

နေ့လယ်ပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ကျင်းပသော ပြည်နယ်အဆင့်ဌာနဆိုင်ရာများ(၅/၂၀၂၅) လုပ်ငန်းညှိနှိုင်း အစည်း အဝေးသို့ တက်ရောက်သည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ဌာနဆိုင်ရာများ၏ အားထုတ် ကြိုးပမ်းမှုကိုလည်း အသိအမှတ်ပြုသကဲ့သို့ ဆက်လက်ပြီးကြိုးပမ်းဆောင်ရွက် ကြရန်လည်းလိုကြောင်း၊ သက်ဆိုင်ရာ ဌာနအလိုက် ဝန်ထမ်းအဆင့်ဆင့်ကို တာဝန်ခွဲဝေပေးအပ်မှုအား စနစ်တကျအဆင့်ဆင့် ကွပ်ကဲသည့်စနစ်ဖြင့် တာဝန်ချထားပေးပြီး တာဝန်ရှိသူအဆင့်ဆင့်မှလည်း ကြီးကြပ်ရန် လိုကြောင်း၊ ဝန်ထမ်းများအား အထက်ဌာနမှညွှန်ကြားချက်များကို သိရှိလိုက်နာဆောင်ရွက်ရန် ချပြဆောင်ရွက်သင့် ကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ခွင့်ပြုထားသော လုပ်ငန်း များကို  ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းနှင့်အညီ သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အချိန်မီသုံးစွဲ နိုင်အောင် စီမံဆောင်ရွက်ကြရန် အလေးအလွင့်မရှိစေရေး တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ် သွားရန်နှင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသအခြေအနေအရ ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ဆန်နှင့်စားသောက်ကုန် ပစ္စည်းများ ချီးမြှင့်ပေးအပ် နေသည့်အပြင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ဆန်နှင့်စားသောက် ဖွယ်ရာများ ချီးမြှင့်ပေးအပ်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူယာယီနေရပ်စွန့်ခွာ ပြည်သူများကိုလည်း ပေးအပ်ကူညီ လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသခံပြည်သူ များစိုးရိမ်မှုမရှိစေရေး လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် အနီးကပ်ပူးပေါင်းပြီးအကောင်းဆုံး ကြိုးစားစီမံ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြည်နယ် အဆင့်ဌာနဆိုင်ရာများ အနေဖြင့် လည်းရုံးများ ဥပဓိရုပ် ကောင်းမွန်စေရေး၊ ရုံးလုပ်ငန်းများစနစ် တကျဖြစ်စေရေးအတွက် မိမိတို့၏ခေါင်းဆောင်မှုအရည် အသွေးများနှင့်အညီ စနစ်တကျပူးပေါင်း ဆောင်ရွက် လုပ်ဆောင်သွားကြရန် ပြောကြားသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်အစိုးအဖွဲ့ဝင်များက မိမိတို့ဌာနအလိုက်လုပ်ငန်းများ ဆောင်ရွက် ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြကြပြီး ရခိုင်ပြည်နယ်သို့ ပြောင်းရွှေ့ရောက်ရှိလာသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက တစ်ဦးချင်းနှုတ်ဆက်စကား ပြောကြားကြသည်။ ယင်းနောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးက ပြည်နယ်အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အခြေအနေများလည်းကောင်း၊ ရှင်းလင်းတင်ပြကာ ပြည်နယ်အဆင့်ဌာနဆိုင်ရာ များက မိမိတို့ဌာနအလိုက်လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၌ တက်ရောက်ခဲ့သော အဆင့်မြင့်အရာထမ်းသင်တန်းတွင် သာမန်အမြင့်အဆင့်(၂)ဖြင့် အောင်လက်မှတ် ချီးမြှင့်ခြင်းခံရသည့် စစ်တွေခရိုင်အုပ်ချုပ်ရေးမှူးအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ချီးမြှင့်ငွေများ ပေးအပ်ပြီး ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန်များ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမ ရည်မှန်းချက် ဖြစ်သော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နိုင်ငံတော်ကသတ်မှတ် ထားသည့်ကာလ အတွင်းအောင်မြင်စွာကျင်းပနိုင်ရေး၊ ရွေးကောက်ပွဲဥပဒေများပါ ရွေးကောက်ပွဲ ကျင်းပခြင်း ပြဌာန်းချက်များနှင့်အညီ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် မိမိတို့ ရခိုင် ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် ဥပဒေနှင့်အညီ ကြိုတင်ပြင်ဆင်စီမံ ဆောင်ရွက်သွားရန် လိုအပ်သည်များကို ဆွေးနွေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)