ရန်ကုန် ဇွန် ၇
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁၁)သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူဒေသရှိ နယ်မြေခံသင်တန်းကျောင်းတွင် ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ နယ်မြေခံသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးမင်းသန်း၊ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အုပ်ချုပ်သူ နည်းပြများ တက်ရောက်ကြသည်။
ဦးစွာ ကျောင်းအုပ်ကြီးအား သင်တန်းသားတပ်ခွဲများက အလေးပြုကြပြီး နိုင်ငံတော်အလံကို အလေးပြုကြပြီး သင်တန်းသားများက ကတိသစ္စာပြုကာကျမ်းသစ္စာဆိုကြပြီးနောက် ကျောင်းအုပ်ကြီးက သင်တန်းဆင်းမိန့်ခွန်း ပြောကြားသည်။
ထို့နောက် စံပြတပ်သားဆု၊ ကျင့်ဝတ်(၆၀)ဆု၊ လက်ဖြောင့်တပ်သားဆု၊ စစ်မြေပြင်မိုင်းကျွမ်းကျင်ဆု၊ တပ်စိတ်တိုက်ပွဲ အကောင်းဆုံးဆုနှင့် အိပ်ဆောင်အလိုက် အကောင်းဆုံးဆုရရှိသူများကို ကျောင်း အုပ်ကြီးက ဆုများပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်းကြီးချုပ် ဦးစိုးသိန်းသည် ၅၀၀ ဆံ့ အားကစားခန်းမတွင် သင်တန်းသားများနှင့် တွေ့ဆုံ အမှာစကားပြောကြားပြီး သင်တန်းဆင်းတပ်ခွဲများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြကာ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ရာ ကျောင်းအုပ်ကြီးက လက်ခံရယူသည်။
အဆိုပါသင်တန်းတွင် သင်တန်းသား(၄၁၄)ဦးအား ကိုယ်လက်ကြံ့ခိုင်ရေးဘာသာရပ်၊ စစ်ရေးပြဘာသာရပ်၊ လက်နက်ငယ်ဘာသာရပ်၊ စစ်နည်းဗျူဟာဘာသာရပ်၊ စစ်မြေပြင်အင်ဂျင်နီယာ ဘာသာရပ်၊ စစ်မြေပြင်အုပ်ချုပ်မှုဘာသာရပ်နှင့် အထွေထွေဘာသာရပ်များကို သင်ကြားပို့ချခဲ့ပြီး သင်တန်းကာလမှာ ရက်သတ္တပတ်(၁၂)ပတ်ကြာ သင်ကြားပို့ချသွားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)