မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း အပတ်စဉ်(၃၀) ပထမနှစ်သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ် သင်တန်းသား/သင်တန်းသူ (၁၁၁)ဦး တို့၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်း အခမ်းအနားသို့ တက်ရောက်

မကွေး     ဇွန်     ၇

ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန သူနာပြုနှင့် သားဖွား သင်တန်းကျောင်း(မကွေး) အပတ်စဉ်(၃၀)ပထမနှစ်၊သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ် သင်တန်းသား/ သင်တန်းသူ(၁၁၁)ဦးတို့၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်း အခမ်းအနား ကို ဇွန်လ ၆ ရက်နေ့ နံနက် ၉ နာရီခွဲက မကွေးမြို့ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း မြတ်ပညာခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ အကြီးအကဲများ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အဆင့်ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(မကွေး)မှ ကျောင်းအုပ် ကြီးနှင့် ဆရာ၊ ဆရာမများ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မကွေးမြို့ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှ သင်တန်းသား၊ သင်တန်းသူများက “ကရုဏာအလင်း သီချင်းဖြင့် ဂုဏ်ပြုသီဆိုခဲ့ကြပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ယခုဆိုရင် သူနာပြုနှင့် သားဖွားသင်တန်း ကျောင်း(မကွေး)အား ၁၉၉၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစ၍ သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ် သင်တန်း စတင်ဖွင့်လှစ်သင်ကြားခဲ့ရာမှာ အပါတ်စဉ် (၃၀)သို့ ရောက် ရှိနေပြီး၊ သူနာပြုသင်တန်းသား၊ သင်တန်းသူ(၁၅၆၇)ဦးနှင့် သားဖွားသင်တန်းသူ(၁၀၁၉)ဦး မွေးထုတ် ပြီးဖြစ်တယ်လို့ သိရကြောင်း၊ ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော် တည်ဆောက်ရာမှာ ကျန်းမာရေး သည် အရေးကြီးသည့် ကဏ္ဍကပါဝင်ကြောင်း၊ ပြည်သူအားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် သူနာပြု-သားဖွားများ၏ အခန်းကဏ္ဍသည် အရေးကြီး ပါကြောင်း၊ လူနာများအား အနီးကပ်ပြုစုစောင့်ရှောက်ရသူများ ဖြစ်သည့်အတွက် သူနာပြု-သားဖွား အတတ်ပညာများ ကျွမ်းကျင် သူများဖြစ်ရေး စာတွေ့၊ လက်တွေ့စဉ်ဆက်မပြတ် လေ့လာဆည်းပူးရန် လိုအပ်ကြောင်း၊ မြန်မာတစ်နိုင်ငံလုံး တိုင်းဒေသကြီးနှင့်  ပြည်နယ်များမှာ သူနာပြု-သားဖွားသင်တန်း ကျောင်း(၅၃)ကျောင်း ဖွင့်လှစ်ပေးခဲ့ပြီး သူနာပြု-သားဖွား အတတ်ပညာ ရပ်များ၊ ဆေးပညာရပ်များကို သင်ကြားပေး နိုင်ပြီဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူ တစ်ဦးချင်းစီကို နိုင်ငံတော်မှ လစဉ်ပညာသင် ထောက်ပံ့ကြေး(၃၀၀၀၀ိ/-)ကျပ် ထောက်ပံ့ပေးလျက်ရှိကြောင်း၊ လုပ်ငန်းခွင်မှ တစ်ဆင့်လည်း ရှေ့ဆက်ကြိုးစားလို စိတ်ရှိသူများကို သူနာပြုသိပ္ပံဘွဲ့၊ သူနာပြုမဟာ သိပ္ပံဘွဲ့၊ သူနာပြုပါရဂူ ဘွဲ့ကို ပြည်ပမှာသာမက ပြည်တွင်းမှာပါ တက်ရောက်နိုင်အောင် ဖွင့်လှစ်ပေးထား ပြီးဖြစ်ကြောင်း၊ ပြည်သူလူထု၏ ကျန်းမာရေးအတွက် ကြိုးပမ်းဆောင်ရွက်နေစဉ်မှာပင် မိမိတို့ စိတ်ဝင်စားသည့် သူနာပြုစုခြင်း၊ သားဖွားခြင်းနှင့် ဆေးပညာ ဆိုင်ရာဘာသာရပ်များကို ထူးချွန်ပေါက်မြောက် ကျွမ်းကျင် အောင် ကြိုးစားသင်ယူရန် လိုအပ်ကြောင်း၊ ကျန်းမာရေးပြုစုစောင့်ရှောက်မှုပေးနိုင်သည့် ဆေးဘက် ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ရှားပါးလာခြင်းကို ကျော်လွှားနိုင်ရေး အရည်အသွေးပြည့်မီ ပြည့်စုံ ကောင်းမွန်သော ပြုစုစောင့်ရှောက်မှု ပေးနိုင်ရန်အတွက်သာမက နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှုများတွင် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ် မွေးထုတ်မှု၊ အသုံးချမှု၊ နေရာချထားမှု၊ စီမံခန့်ခွဲမှုများကို စနစ်တကျဆောင်ရွက်ရန် အရေးကြီးသည့်အတွက် တိုင်းဒေသကြီး အစိုးရအနေဖြင့် မိမိဒေသအတွင်း တည်ရှိနေသော ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်မွေးထုတ် ပေးနေသည့် သူနာပြုနှင့် သားဖွား သင်တန်းသား၊ သင်တန်းသူများ၏ လိုအပ်ချက်များကို ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ မိမိတို့မှာရှိသည့် သူနာပြု-သားဖွားကျင့်ဝတ်များကို လိုက်နာစောင့် ထိန်းပြီး စည်းကမ်းအတိုင်း ပြုမူနေထိုင် ကြရန်လိုအပ်ကြောင်း၊ ပထမနှစ်ကတည်းက အများတကာထက် သာလွန်ကောင်းမွန်သည့် စိတ်ဓာတ် ကောင်းများ ပိုင်ဆိုင်နိုင်စေရန်နှင့် ထူးချွန် ထက်မြက်သည့် သူနာပြုဆရာ၊ ဆရာမကောင်း များဖြစ်စေရေး စဉ်ဆက်မပြတ် လေ့လာကြိုးစားကြစေလိုပါကြောင်းနှင့်  ပြည်သူလူထုက အားထားရ သည့် အရည်အသွေး ပြည့်ဝသည့်  သူနာပြု-သားဖွား ကောင်းများကို နိုင်ငံတော်၏ လိုအပ်ချက်နှင့် အညီ လေ့ကျင့်မွေးထုတ်ပေးနိုင်ရန် အထောက်အပံဖြစ်စေခြင်းနှင့် ပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှု အဆင့်အတန်း မြင့်မားစေရေး ဆောင်ရွက်ရာတွင် အားဖြည့်နိုင်မှာ ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ အပတ်စဉ်(၃၀)ပထမနှစ် သူနာပြု-သားဖွား ဒီပလိုမာ(၃)နှစ် သင်တန်းမှ  သင်တန်းသား၊ သင်တန်းသူ(၁၁၁)ဦးအား တာဝန်ရှိသူတို့က  ဂျူတီကုတ်နှင့် ဦးဆောင်းများ အသီးသီး အပ်နှင်းခဲ့ကြပြီး၊ အပတ်စဉ်(၃၀)ပထမနှစ်သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ် သင်တန်းမှYear I , Semester I တွင် ပညာရည်ထူးချွန်ဆုရရှိခဲ့သူများအားတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ပညာရည်ထူးချွန်ဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(မကွေး) သင်တန်းသား၊ သင်တန်းသူ များက   “ အဖြူရောင်သံစဉ် "  “မဟာဆန်သူ ၊  “ယာသူတို့ရွာ  တေးသီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြပြီး၊ သူနာပြုသင်တန်းကျောင်း(မကွေး)အတွက် ထောက်ပံ့ငွေနှင့် ဖျော်ဖြေရေး အစီ အစဉ်များဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့သည့် ဖျော်ဖြေရေးအဖွဲ့များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုထောက်ပံ့ငွေနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ ကြောင်း သိရသည်။

မောင်ညီညာ