ချောင်းဆုံမြို့နယ်၌ တရားဥပဒေစိုးမိုးရေး၊ယာဉ်စည်းကမ်း လမ်းစည်းကမ်း နှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြော

ချောင်းဆုံ   ဇွန်      ၇

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ကျောင်းသားကျောင်းသူများ လူငယ်လူရွယ်များ ဗလငါးတန်ကြံ့ခိုင်ရေး၊ တရားဥပဒေစိုးမိုးရေး ၊ သက်ငယ်မုဒိန်းပပျောက်ရေး ၊ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်  မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ဇွန်လ (၆)ရက်နေ့ မွန်းလွဲ (၂) နာရီက ချောင်းဆုံ(အထက)ကျောင်း သီရိရတနာ ခန်းမ ၌ ကျင်းပသည်။

ဦးစွာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးလွင်က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကျန်းမာရေး ဦးစီးဌာန လက်ထောက်ဆရာဝန် ဒေါက်တာဟန်မင်းထွန်းက ဆေးလိပ်နှင့် ဆေးရွက်ကြီးအန္တရာယ် သိကောင်းစရာများ ၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်လှိုင်သဇင်ဦးက သက်ငယ်မုဒိန်းနှင့် ပြစ်မှု ပြစ်ဒဏ်များအကြောင်း သိကောင်းစရာများ ၊ မွန်ပြည်နယ် မူးယစ်ဆန့်ကျင်ရေးအသင်း အလုပ်အမှုဆောင် ဦးသန်းဝင်က ဗလငါးတန်ကြံ့ခိုင်ရေး နှင့် မျိုးချစ်စိတ်ရှင်သန်ထက်မြတ်ရေး စသည့်အကြောင်းအရာများ ဟောပြောသည်။

ဆက်လက်၍ အမှတ် (၃၈) မူးယစ်တပ်ဖွဲ့စု ရဲအုပ်ခါးလီ က မူးယစ်ဆေးဝါး အန္တရာယ် အကြောင်း သိကောင်းစရားများ နှင့် အမှတ် (၁၂) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ ဒုရဲအုပ် ဝေလင်းထက်က ယာဉ်စည်းကမ်းလမ်းစည်းကမ်းအကြောင်း သိကောင်းစရာများ ဟောပြောခဲ့ကြပြီး ကျောင်းသားကျောင်းသူများ၏ သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

ကိုကျော်(ချောင်းဆုံ)