ပျဉ်းမနား ဇွန် ၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ငလျင်အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ပျဉ်းမနားမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ငလျင်အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းကို အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပရာ နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်က ငလျင်ဘေးအန္တရာယ်သည် ကြိုတင်ခန့်မှန်းနိုင်မှုမရှိကြောင်း၊ နေ့ညအချိန်မရွေးလှုပ်ခတ်နိုင်ပြီး အဖျက်စွမ်းအားကြီးမားသည့်ဘေးအန္တရာယ်တစ်ခုဖြစ်သည့်အတွက် ငလျင်၏သဘာဝများ၊ ငလျင်ကြောင့် အသက်အန္တရာယ် ကင်းရှင်းစေရေးအတွက် နေထိုင်ပြုမှုရမည့်အချက်များ ၊ ငလျင်လှုပ်နေစဉ် ဆောင်ရွက်ရန်အချက်များ၊ ငလျင်လှုပ်ပြီးနောက်ဆောင်ရွက်ရန်အချက်များအားပြောကြားခဲ့သည်။
ထို့နောက် ပျဉ်းမနားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးက ကျောင်းသား ကျောင်းသူများ ငလျင်ဘေးအန္တရာယ်နှင့် ကြုံတွေ့လာပါက နည်းစနစ်တကျ တုန့်ပြန်ကာကွယ်ခြင်းဖြင့် အသက်အန္တရာယ် ကင်းရှင်းစေရန်ရည်ရွယ်၍ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့ သရုပ်ပြလေ့ကျင့်ခြင်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ငလျင်ဘေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်မှုအဖြစ် ငလျင်လှုပ်ခတ်ခြင်း အကြောင်း အချက်ပေးခြင်းနှင့်အတူ ကျောင်းသား ကျောင်းသူများက အဆောက်အအုံနှင့် လွတ်ကင်း ရာကွင်းပြင်နေရာများတွင် နေရာယူခြင်းတို့ကို သရုပ်ပြသကြပြီး ကယ်ဆယ်ရေးအဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သရုပ်ပြခြင်း၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ရှေးဦးသူနာပြုစုခြင်း သရုပ်ပြ သခြင်းနှင့် ဘေးကင်းလုံခြုံသည့်နေရာများသို့ ပို့ဆောင်ပေးခြင်း စသည့်သရုပ်ပြသမှုများ ဆောင်ရွက် ခဲ့ကြသည်။
ဆက်လက်၍ ငလျင်အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းကို အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပရာ နေပြည်တော် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်က ငလျင်ဘေးအတွက် ကြိုတင်ပြင်ဆင်ရန် အချက်များ၊ ငလျင်လှုပ်နေစဉ်တွင် လိုက်နာရမည့်အချက်များနှင့် ငလျင်လှုပ်နေစဉ်တွင် ရှောင်ရှားသင့်သည့် အချက်များလည်းကောင်း၊ ပျဉ်းမနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ၁ ဒုတိယဗိုလ်မှူးကြီး ထွန်းလင်းဦးက ငလျင်လှုပ်ပြီးနောက် ပြုလုပ်ရန်အချက်များနှင့် ငလျင်လှုပ်ပြီးနောက် ရှောင်ရှားသင့်သည့်အချက်များ အားလည်း အသီးသီး အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ပြီး ပျဉ်းမနားမြို့နယ်အတွင်းရှိ ကျန်ရှိသည့် အခြေခံပညာကျောင်းများတွင်လည်း ငလျင်အသိပညာ ပေးဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)