မြင်းခြံမြို့တွင် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်

မြင်းခြံ ဇွန် ၆

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်ကြားပို့ချသည့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို ယနေ့နေ့လယ် (၂) နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းမြင့်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ကြသည်။

"ကျွန်တော်တို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် လုပ်ငန်းမှတ်ပုံတင်ခြင်းအပြင် ပြည်သူများ တစ်ပိုင်တစ်နိုင်လုပ်ငန်းများ အောင်မြင်စွာ ပြုလုပ်နိုင်ရေးအတွက် အခမဲ့သင်တန်းများ ပို့ချပေးလျက်ရှိပါတယ်။ ဒီကနေ့ ပြုလုပ်တဲ့ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းကတော့ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ ပထမအကြိမ်ပြုလုပ်တဲ့သင်တန်း ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း  အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အကူပြု သင်တန်းများကိုလည်း ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်" ဟု ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းမြင့်ထွန်းက ပြောသည်။

တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် ဇီးယို၊ သင်္ဘောသီး ချဉ်စပ်ယို၊ သရက်သီးအစပ်ယို၊ ရှောက်ယို၊ ကျောက်ဖရုံယို၊ အာလူးကြော်၊ စာလေးခွေကြော်၊  ဆနွင်းမကင်းပြုလုပ်နည်း၊ ဇီးသီးအနှစ်ရည်၊ သံပရာသီးအနှစ်ရည်၊ ဖရဲသီးချိုချဉ် ပြုလုပ်နည်း စသည့် ပြုလုပ်နည်းများအပြင် စားသောက်ကုန်လုပ်ငန်းသုံး တာရှည်ခံဓာတုပစ္စည်းများအကြောင်းကိုလည်း ရှင်းပြပေးသွားမည်ဖြစ်သည်။ အဆိုပါ သင်တန်းသား/ သင်တန်းသူ (၂၀) ဦး တက်​ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကို (၇) ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။                                                                

ကျော်စွာ(မြင်းခြံ)