မြစ်ကြီးနား ဇွန် ၆
၂၀၂၅ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ကချင်ပြည်နယ်၊ ပူတာအိုမြို့၊ အခြေခံပညာအထက်တန်းကျောင်း (ပူတာအို) ရှိ အောင်ဆန်းခန်းမ၌ ယနေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်ဖြစ်သည့် “ကမ္ဘာတစ်ဝှမ်းပလပ်စတစ် ညစ်ညမ်းမှု အဆုံးသတ်ရေး စုပေါင်းအင်အား ဖြင့်ဆောင်ရွက်ပေး” ဆိုသည့်အတိုင်း အစိုးရ၊ စက်မှုလုပ်ငန်းရှင်၊ ပုဂ္ဂလိက၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများအပါအဝင် တစ်ဦးတစ်ယောက်ချင်းစီ အနေဖြင့်မိမိတို့ ပတ်ဝန်းကျင်ကို ဝိုင်းဝန်းထိန်းသိမ်းလိုစိတ်ရှိပြီး ကောင်းမွန်သန့်ရှင်းသော ပတ်ဝန်းကျင်အမွေအနှစ်များကိုပါ မိမိတို့၏ အနာဂတ်မျိုးဆက်သစ်များကို လက်ဆင့်ကမ်းပေးနိုင်ရေးအတွက် အားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် စိမ်းလန်းကျန်းမာသာယာဝပြောသော ကမ္ဘာကြီးအဖြစ်သို့ ရောက်ရှိမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ကမ္ဘာ့ကုလသမဂ္ဂနှင့် ကုသသမဂ္ဂပတ်ဝန်းကျင်ဆိုင်ရာအစီအစဉ်တို့မှ ပေးပို့သော သဝဏ်လွှာအား ဖတ်ကြားပြီး အထိမ်း အမှတ် video ကလစ်ဖွင့်လှစ်ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အထိမ်း အမှတ်နေ့ အခမ်းအနားအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသော ဌာနဆိုင်ရာများနှင့် NGO အဖွဲ့အစည်းများအား ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ ပြည်နယ်သယံ ဇာတရေးရာဝန်ကြီးက အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် ကျောင်းသား၊ ကျောင်သူများအားလည်းကောင်း၊ စစ်ဗျူဟာမှူးက အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသော ကျောင်းသား/ ကျောင်းသူကိုလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီး၊ စစ်ဗျူဟာ (အခြေချ) ပူတာအို၊ စစ်ဗျူဟာမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများက ခန်းမရှေ့တွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနတို့က ဖွင့်လှစ်ပြသထားသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးပြခန်းကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နောင်မွန်နှင့် ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မိသားစုများမှ လှူဒါန်းပေးပို့လာသည့် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ မုန့်မျိုးစုံနှင့် အသင့်စားသုံးနိုင်သော ဘာလချောင်၊ ချဉ်ပေါင်ကြော်၊ ငါးခြောက်ကြော်စသည့် စားသောက်ဖွယ်ရာများကို ပူတာအိုမြို့မှတစ်ဆင့် မော်တော်ယာဉ် ၅ စီးဖြင့် သွားရောက်ပေးပို့နိုင်ရေး စုဖွဲ့ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအတွက် ခရီးစရိတ်အဖြစ် ငွေကျပ် ၂၅ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မူလာအွန်ကျေးရွာအုပ်စု၊ ဇီးအွန်ကျေးရွာများမှ လယ်ယာမြေဧကများသို့သွားရာ ကုန်ထုတ်လမ်းပေါ်ရှိ မူလာချောင်းပေါ်တွင် လူနှင့် ဆိုင်ကယ်ကူး ကြိုးတံတားပြင်ဆင်တည်ဆောက်နိုင်ရေး ပြည်နယ်အစိုးရအဖွဲ့က ကုန်ကျစရိတ်အဖြစ် ငွေကျပ်သိန်း ၁၀၀ မတည်ပေးခဲ့သည့် ကြိုးတံတားသို့ သွားရောက်ပြီး ကြိုးတံတား ပြုပြင်တည်ဆောက်ပြီးစီးမှု အခြေအနေများနှင့် တံတား၏ကြံ့ခိုင်မှုကို ဖြတ်သန်းစစ်ဆေးခဲ့ကြပြီး ချောင်းတစ်ဖက်ကမ်းရှိ လယ်မြေများ ရေကြီးနှစ်မြှုပ်မှုမှ ကာကွယ်ထားသည့် ရေကာတာအား ချောင်းရေတိုက်စားမှုမှ ပြန်လည်ပြုပြင်ဆောင်ရွက်ပေးနိုင်ရေးနှင့် လယ်များအတွင်း မိုးစပါးစိုက်ပျိုးနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြကာ မိုးစပါးအပြီး သီးထပ်အတွက် ဆီမုန်ညှင်း အချိန်မီ စိုက်ပျိုးနိုင်ရေး တောင်သူများနှင့် ဌာနဆိုင်တာဝန်ရှိသူများအကြား ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် မူလာအွန်ကျေးရွာသို့ရောက်ရှိပြီး ကျေးရွာအတွင်း ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးမှ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်း လုပ်ငန်းစီမံကိန်း (RBF) ဖြင့် ငွေကျပ်သိန်း ၃၀၀ အား မိသားစုများ ဝင်ငွေတိုးပွားရေးအတွက် အစုအဖွဲ့ဖြင့် ဒေသဝက်ကောင်ရေ (၂၇) ကောင် မွေးမြူထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပူတာအိုမြို့ အခြေခံပညာအထက်တန်းကျောင်း (ဒုတ္ထန်) သို့သွားရောက်ပြီး ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်စာမေးပွဲ ပြန်လည် ကျင်းပပြုလုပ်နိုင်ရေးအတွက် ခရိုင်အတွင်းရှိ မြို့နယ်များအလိုက် Grade -12 ကျောင်းသား/ ကျောင်းသူ (၆၄၃) ဦးတို့အား စခန်းသွင်းလေ့ကျင့်ဆောင်ရွက်လျက်ရှိရာ ကျောင်းစာသင်ခန်းများအတွင်း ဘာသာရပ်အလိုက် ဆရာ၊ ဆရာမများကဦးဆောင်၍ သင်ကြားပို့ချပေးလျက်ရှိသည့် အခြေအနေများနှင့် ကျောင်းသား/ ကျောင်းသူများအား အားပေးစကားများ လိုက်လံပြောကြားခဲ့ကြပြီး အာဟာရကြေး ထောက်ပံ့စာရိတ်အဖြစ် ပူတာအိုမြို့နယ်အတွက် ငွေကျပ် (၅၁) သိန်း၊ နောင်မွန်မြို့နယ်အတွက် ငွေကျပ် (၃၅) သိန်းနှင့် မချမ်းဘောမြို့နယ်အတွက် ငွေကျပ် (၄၄) သိန်း တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပူတာအိုမြို့ စိုက်ပျိုးရေးဦးစီးဌာနပိုင် မတ်ပန်ခြံ၌ ဒေသတွင်း စိုက်ပျိုးရေး တောင်သူများအတွက် ဖွင့်လှစ်ထားခဲ့သည့် မျိုးစေ့သန့်စင်ရုံ၌ မိုးစပါးအတွက် တောင်သူများ၏ မျိုးစပါးများအား လည်ပတ်သန့်စင်ပေးနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် နောင်မွန်မြို့နယ်နှင့်ခေါင်လန်ဖူးမြို့နယ်များရှိ ရေဘေး သင့်ရောများအား ပြန်လည်ထူထောင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရေဘေးသင့်ပြည်သူများအတွက် ကူညီထောက်ပံ့ရေး အစီ အစဉ်များ ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်သော်လည်း သဘာဝဘေးကြောင့် ထိခိုက်ပျက်ဆီးမှုများအပေါ် ပြန်လည်ထူထောင်ပေးနိုင်ရေးအတွက် လုပ်ငန်းကဏ္ဍအလိုက် အားလုံးကဝိုင်းဝန်း ဆွေးနွေးပေးကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ခရိုင်စီမံစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးစိုးထွန်းက ခရိုင်အတွင်း ရေကြီးမြင့်ကြောင့် ထိခိုက်ဆုံးခဲ့မှုဖြစ်စဉ်များအပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများက ရေကြီးမြင့်ကြောင့် လူနေအိမ်၊ လမ်း၊တံတားနှင့် ကျောင်းအဆောက်အုံများ ပျက်စီးဆုံးရှုံးခဲ့မှုအပေါ် ပြန်လည်တည်ဆောက်ပေးနိုင်ရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် ကူညီထောက်ပေးရေးဆိုင်ရာ လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ် ပြန်လည်ထူထောင်ရေးအတွက် လုပ်ငန်းကဏ္ဍအလိုက် အမြန်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များနှင့် နှစ်အလိုက် ဘဏ္ဍာငွေလျာထား သတ်မှတ်ဆောင်ရွက်ပေးနိုင်ရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ကောင်ကထောင်ရပ်ကွက်အတွင်း ပြည်နယ်အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမတည်ပေးမှုဖြင့် ဝက်မွေးမြူရေးအပြင် ဘက်စုံမွေးမြူရေးလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည့် ပိုင်ရှင်ဦးအားဖူဆီမီ၏ခြံ၌ ဒေသကြက်၊ ကြက်ဆင်၊ ဘဲနှင့် ဒေသဝက်၊ အသားတိုးဝက်များ စီးပွားဖြစ် မွေးမြူအောင်မြင်ဖြစ်ထွန်းနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မွေးမြူ ရေးအထောက်အကူပြုဆေးဝါးများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)