မိုင်းဆတ်မြို့၌ ရာဂီမုန်တိုင်းဒဏ်ကြောင့် မိုးသီးနှံများထိခိုက်ပျက်စီးမှုအပေါ် မျိုးစေ့နှင့် သွင်းအားစုများ ထည့်သွင်းနိုင်ရန် ထောက်ပံ့ငွေပေးအပ်ပွဲ ကျင်းပ

မိုင်းဆတ် ဇွန် ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ရာဂီမုန်တိုင်းဒဏ်ကြောင့် စပါးနှင့် အခြားသီးနှံများ ပျက်စီးဆုံးရှုံးခဲ့ရသည့် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နေ့လယ် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီထွေးက ရာဂီမုန်တိုင်းဒဏ်ကြောင့် မိုင်းဆတ်မြို့နယ်အတွင်းရှိ တောင်သူများ စိုက်ပျိုးထားသည့် မိုးသီးနှံများထိခိုက်ပျက်စီးခဲ့ရာ အဆိုပါ ထိခိုက်ပျက်စီးခဲ့ရသည့် စိုက်ပျိုးမြေများအတွင်း မျိုးစေ့နှင့်သွင်းအားစုများထည့်သွင်းနိုင်ရန် တစ်ဧကလျှင့် တစ်သိန်းကျပ်နှုန်းဖြင့် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီထွေး၊ ခရိုင်စိုက်ပျိုး ရေးဦးစီးမှူး ဦးဝင်းညွန့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအားလွန်နှင့် မြို့နယ်မြေစာရင်းဦးစီးမှူး ဦးမင်းဇော်တို့က ရာဂီမုန်တိုင်းဒဏ်ကြောင့် စပါးနှင့် အခြားသီးနှံများ ပျက်စီးဆုံးရှုံးခဲ့ရသည့် မိုင်းဆတ်မြို့နယ်အတွင်းရှိ ကျေးရွာ (၇)ရွာမှ တောင်သူ (၁၁၄)ဦး၏ စိုက်ဧက ၁၇၇ ဒဿမ ၆၈ ဧကအား တစ်ဧကလျှင် (၁)သိန်းကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၁၇၇ ဒဿမ ၆၈ သိန်းအား တောင်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)