ရန်ကင်း ဇွန် ၆
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းနှင့် အဘိတ်ဆေးခပ်ခြင်း၊ ကျန်းမာရေးအသိပညာပေးဟောပြောခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ရန်ကင်းမြို့နယ်အတွင်းရှိ ၄ ရပ်ကွက် ရန်နိုင် ၁၂ လမ်းအတွင်းရှိလူနေအိမ်များတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြိုနယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီသီလတ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ ၊မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များက မိုးရာသီကာလအတွင်း ခြင်၊ ပိုးလောက်လန်းများ ပေါက်ဖွားမှုမရှိစေရန်၊ ရေကန်များအား ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းဆောင်ရွက်ပြီး ရေကန်များအတွင်း အဘိတ်ဆေး (Abate) ခပ်ခြင်းနှင့် အသိပညာပေးဟောပြောခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြသည်။
ရန်ကင်းမြို့နယ် အတွင်းရှိရပ်ကွက်များနေအိမ်များရှိ သောက်သုံးရေကန်များ၊ ရေစည်၊ ရေအိုးများအား အဘိတ်ဆေးခတ်ခြင်း၊ ခြင်ပေါက်ဖွားမှုမရှိစေရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပြီး မြို့နယ်အတွင်းရှိ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန်အတွက် ဌာနဆိုင်ရာရုံး များ၊ကျောင်းများနှင့် ကျန်ရှိနေသော ရပ်ကွက်များအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
လှလှထွေး (ပြန်/ဆက်)