မိုင်းယောင်း၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်း ပြုလုပ်

မိုင်းယောင်း ဇွန် ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအား ယာဉ်အန္တရာယ်ကင်းရှင်းစေရေး၊ ယာဉ်မတော်တဆမှု မဖြစ်ပွားစေရေးအတွက် ယမန်နေ့မွန်းလွဲ ၄ နာရီခွဲခန့်က ဗလမင်းထင်လမ်းမ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းကို ပြုလုပ်ခဲ့သည်။

အဆိုပါ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းကို မိုင်းယောင်းမြို့နယ် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသန့်ဇင်မျိုးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊  မြို့နယ်လမ်းဉီးစီးဌာန၊ မြို့နယ်ဥပဒေရုံး၊  မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းယောင်းမြို့နယ် မြို့မရဲစခန်းမှယာယီရဲမှူးတင်ကိုနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်လုံခြုံရေးအဖွဲ့ဝင်များက ဗလမင်းထင်လမ်းမပေါ်ရှိ ပြည်သူများနှင့် မော်တော်ယာဉ်မောင်းများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သိရှိလိုက်နာစေရန်အတွက် သိထားရမည့် လမ်းပေါ်ရှိဆေးရေးအမှတ်အသားများ၊ သတ်မှတ်ယာဉ်ကြောများ၊ လမ်းညွှန်အမှတ်အသားများ၊ ယာဉ်မောင်းသူများ ဆောင်ရန်/ ရှောင်ရန်အချက်များ၊ ခြေကျင်လျှောက်သူများ သိရှိလိုက်နာရန်အချက်များ၊ စက်ဘီးစီးသူများလိုက်နာရန် စည်းကမ်းချက်များစသည့် အကြောင်းအရာများကို အသိပညာပေးခြင်းတို့ ပြုလုပ်ခဲ့သည်။

ရာဇီ(ပြန်/ဆက်)