ပင်လောင်းမြို့၌ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ပြုလုပ်

ပင်လောင်း ဇွန် ၆

သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုပြောင်းလဲမှု လျော့ချရေး၊ သစ်ပင်၏တန်ဖိုးများအား အလေးထားပြီး သစ်တောသစ်ပင်များ စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းနှင့် ကျောင်းပတ်ဝန်းကျင်စိမ်းလန်းသာယာလှပစေရန်ရည်ရွယ်၍ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်သည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်၊ အမှတ်(၆၁၄) ဒုံတပ် တပ်ရင်းမှူးဗိုလ်မှူးအောင်ကျော်ဇင်၊ မြို့နယ်ရဲတပ်မှူး ရဲမှူးစိုးမိုးထွန်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးခင်မောင်သန်း၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးမှူး ဦးကျော်ဇင်မောင်တို့က  စိုက်ပျိုးမည့်သစ်ပင်များကို မြို့နယ်ပညာရေးမှူး ဦးတင်ငွေ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ တိုင်းရင်းသားအဖွဲ့များအား ပေးအပ်ခဲ့ကြပြီး၊ သစ်ပင်များစုပေါင်းစိုက်ပျိုးကြသည်။

မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များက ခါတော်မီပျိုးပင်(၂၃၀)ပင်၊ ချယ်ရီပျိုးပင်း(၁၂၀)ပင်၊ မြောက်ငိုပျိုးပင်(၁၅၀)ပင် စုစုပေါင်းပျိုးပင် (၅၀၀)ပင်ကို စုပေါင်းစိုက်ပျိုးပေးခဲ့ကြပြီး၊ စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်