မြစ်သားမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ နှမ်းစိုက်ပျိုးအပင်များ အောင်မြင်ထွန်းလျက်ရှိ

မြစ်သား ဇွန် ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့ နယ်အတွင်းရှိဒေသခံတောင်သူများက ပန်းလောင်မြစ်မှ မြစ်ရေတင်ခြင်းဖြင့် နှမ်းဖြူများကိုစိုက်ပျိုးလုပ်ကိုင်ကြပြီး ယခုနှစ်တွင် နှမ်းဖြူများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် စိုက်ပျိုးရေးအဆင်ပြေမှုကြောင့် သီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ကောင်းမွန်သဖြင့် ဒေသခံတောင်သူများက သီးနှံများကို တစ်နှစ်ပတ်လုံးစိုက်ပျိုးရေး လုပ်ကိုင်လျက်ရှိရာ ယခုအခါ နှမ်းဖြူစိုက်တောင်သူများသည် ဘောင်ကန့်ရေသွင်းစနစ်ဖြင့် မျိုးစေ့ချစိုက်ပျိုးခြင်းဖြစ်ပြီး တစ်ဧကလျှင် (၁) ပြည်နှင့် (၄) ဗူးသာ ကုန်ကျ၍ နှစ်လခန့်အကြာတွင် နှမ်းဖြူစိုက်ခင်းများ အပွင့်၊ အသီးစတင်ဖူးပွင့်ပြီး လေးလခန့်အကြာတွင် စတင်ရိတ်သိမ်း၍ ရပါကြောင်း၊ ယခုနှစ်တွင်နှမ်းဖြူတစ်တင်းကို ၁၃၅၀၀၀/- ကျပ်ရောင်းချရ၍ စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း ဘောင်ကန့်ရေသွင်းစနစ်ဖြင့် နှမ်းဖြူစိုက်ပျိုးသောတောင်သူ ဦးဇော်နိုင်ထံမှ သိရသည်။

မြစ်သားမြို့နယ်အတွင်းရှိ ယခုနှစ်နှမ်းစိုက်ပျိုးခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဒေသခံတောင်သူများအနေဖြင့် နှမ်းများရိတ်သိမ်းပြီးစီးချိန်တွင် မိုးစပါးသီးနှံများကိုထပ်မံစိုက်ပျိုးသွားမည်ဖြစ်ပြီး သီးနှံအထွက်နှုန်းတိုးတက်ရေးနှင့် သီးထပ်သီးနှံများစိုက်ပျိုးရန်အတွက်သက်တမ်းတိုပြီး အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များကိုသာ ရွေးချယ်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)