မြစ်ကြီးနား ဇွန် ၆
“ကမ္ဘာတစ်ဝန်းပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး စုပေါင်းအားဖြင့်ဆောင်ရွက်ပေး၊ Ending Plastic Pollution Globally” ဆောင်ပုဒ်ဖြင့် ၂၀၂၅ ခုနှစ် မေလ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်း မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး၊ ပြည်နယ်ဝန်ကြီးများ၏ ဇနီးများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ဆောင်ပုဒ်နှင့်အညီ မိမိတို့အနေဖြင့် ပလတ်စတစ်ညစ်ညမ်းမှု လျှော့ချရပ်တံ့စေရေးကို အလေးပေးဆောင်ရွက်နိုင်ရန်၊ ပလတ်စတစ်ညစ်ညမ်းမှု တားဆီးကာကွယ်ရေးအတွက် စည်းနှောင်မှုရှိသည့် ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်တစ်ရပ် ချမှတ်နိုင်ရန်မျှော်မှန်း၍ တစ်ဦးချင်း၊ အစိုးရအဖွဲ့အစည်းများ၊ စက်မှုလုပ်ငန်းများအနေဖြင့် ပလတ်စတစ်ညစ်ညမ်းမှုပြဿနာကို စုပေါင်းတိုက်ဖျက်နိုင်ရေးအတွက် စနစ်တကျ ထိန်းကျောင်း မောင်းနှင်နိုင်မည့် စဉ်ဆက်မပြတ်သော အလေ့အကျင့်များ ချမှတ်ဖော်ဆောင်ကြရန် တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာအားဖတ်ကြားပြီး ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးဗီဒီယိုကလစ်ဖွင့်လှစ်ပြသမှုကို ကြည့်ရှုခဲ့ကြကာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးများက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ကချင်ပြည်နယ်အဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆု ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းများအား ဂုဏ်ပြုဆုများကိုလည်းကောင်း၊ ပြခန်းပါဝင်ပြသသည့် ဌာနဆိုင်ရာ အဖွဲ့အစည်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် အခမ်းအနားတက်ရောက်လာသူများက ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပြခန်းငယ်အား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ရာသီဥတုပြောင်းလဲမှုနှင့် အပူဒဏ်ကာကွယ်နိုင်ရေး၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ပြီး ပြည်သူများသစ်တောသစ်ပင်များ၏ တန်ဖိုးကိုသိရှိနားလည် မြတ်နိုးသည့် စိတ်ဓာတ်ဖြစ်ပေါ်လာ၍ သစ်ပင်စိုက်ပျိုးခြင်းနှင့် သစ်တောပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများတွင် ပိုမို ပူးပေါင်း ပါဝင်ဆောင်ရွက်လာစေရန် နည်းပညာတက္ကသိုလ်(မြစ်ကြီးနား) ဝန်းအတွင်း၌ ကျင်းပသည့် ၂၀၂၅ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်သို့ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် စိုက်ပျိုးသွားမည့် ပျိုးပင်များအား နည်းပညာတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာမင်းမင်းဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများထံ ဖြန့်ဝေပေးအပ်ပြီး ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သစ်တော ဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများ၊ နည်းပညာတက္ကသိုလ်မှ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ အရပ်ဖက်လူမှုရေးအသင်းအဖွဲ့များနှင့်အတူ ပျဉ်းကတိုး၊ မန်ဂျန်ရှား၊ ရေပိတုန်းနှင့် ကံ့ကော်ပင်စသည့် ပျိုးပင်ပေါင်း(၇၈၀)ကို တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးခဲ့ကြကာ တာဝန်ရှိသူများနှင့်အတူ သစ်ပင်စိုက်ပျိုးပွဲတော် တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)