ဓနုဖြူ ဇွန် ၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၅ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲကို ဇွန်လ ၄ ရက်နေ့ မွန်းတည့် (၁၂) နာရီအချိန်မှစတင်၍ အမှတ် (၄) ရပ်ကွက်ရှိ ''ငြိမ်း" လှိုင်ထိပ်ထား သာသနဗိမာန်တော်ကြီး၌ ကျင်းပသည်။
အဆိုပါ ၂၀၂၅ခုနှစ် အစိုးရပါဠိ ပထမပြန်(ကြီး၊လတ်၊ငယ်၊မူ) စာမေးပွဲတွင် ရဟန်း၊သာမဏေ၊သီလရှင် စုစုပေါင်း (၃၀၆) ပါး စာရင်းပေးသွင်းထားသည့်အနက် ပထမကြီးတန်းတွင် (၂၄) ပါး၊ ပထမလတ်တန်း တွင် (၄၁) ပါး၊ ပထမငယ်တန်းတွင် (၉၆) ပါး၊ အခြေပြုမူလတန်းတွင် (၉၁) ပါး စုစုပေါင်း (၂၅၂) ပါး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး၊ စုစုပေါင်း (၅၄) ပါး ဖြေဆိုရန်ပျက်ကွက်ကြောင်းသိရသည်။
စာမေးပွဲဖြေဆိုရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနဝန်ထမ်းများက လိုအပ်သည်များဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ပြီး၊ စာမေးပွဲကာလ နေ့ရက်များအလိုက် စာဖြေဌာနကြီးကြပ်ရေးအဖွဲ့၊ ဆရာတော်ကြီးများနှင့် စာဖြေရဟန်း၊ သာမဏေ၊ သီလရှင်များအတွက် အချိုရည်များကို စေတနာရှင် အလှူရှင်များကလည်းကောင်း၊ စာဖြေရဟန်း၊ သာမဏေ၊ သီလရှင်များအတွက် စာမေးပွဲကျင်းပရေးကော်မတီမှ ဆွမ်းစရိတ်အဖြစ် တစ်ပါးလျှင် ငွေကျပ် ၃၀၀၀ နှုန်းဖြင့်လည်းကောင်း ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါစာမေးပွဲကို ဇွန်လ(၄)ရက် နေ့မှ ဇွန်လ (၁၀) ရက်နေ့အထိ (၇) ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
အောင်ပြည့်ဖြိုးဇော် (ပြန်/ဆက်)