ကျုံပျော် ဇွန် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနနှင့် အင်းသားကြီးများ ပူးပေါင်းကာ ကျုံပျော်မြို့နယ် ရှားခဲကျေးရွာရှိ ရှားခဲကြီး- ရှားခဲလေး သုတေသနအင်းအတွင်းသို့ ငါးသားပေါက်ကောင်ရေ သုံးသိန်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို အဆိုပါအင်းရေပြင်၌ ဇွန်လ ၅ ရက် နံနက် ၉ နာရီက ပြုလုပ်သည်။
အခမ်းအနားသို့ ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ အဖွဲ့ဝင် (၂) ဦးရန်နိုင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ မြို့နယ်လုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးသန်းအောင်မော်နှင့် ဝန်ထမ်းများ၊ အင်းသားကြီးများနှင့်ရေလုပ်သားများ တက်ရောက်ခဲ့ပြီး၊ ငါးမြစ်ချင်း၊ ရွှေဝါငါးကြင်းနှင့် ငါးကြင်းဖြူ စုစုပေါင်းငါးသားပေါက်ကောင်ရေ သုံးသိန်းအား စုပေါင်း ငါးမျိုးစိုက်ထည့် ပေးခဲ့ကြသည်။
ကျုံပျော်မြို့နယ်၏ ငါးထုတ်လုပ်မှုလုပ်ငန်းအနေဖြင့် ဂရံအင်းပေါင်း (၃၀)ဖြင့် ဆောင်ရွက်လျက်ရှိပြီး၊ ငါးလုပ်ငန်းဦးစီးဌာနက ဦးဆောင်၍ သဘာဝရေပြင်၊ အင်းချောင်းများအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းများကို နှစ်စဉ်ဆောင်ရွက်လျက်ရှိကာ၊ ငါးမျိုးမပြုန်းတီးရေးနှင့် ငါးသယံဇာတ တိုးပွားရေးတို့အတွက် အသိပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)